သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် ရခိုင်ရှိ မွတ်ဆလင် IDP စခန်းများတွင်လည်း ရိက္ခာပြတ်လပ်ကာ အငတ်ဘေးကျရောက်လုနီးပါးဖြစ်နေပြီနေဟုဆို

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် ရခိုင်ရှိ မွတ်ဆလင် IDP စခန်းများတွင်လည်း ရိက္ခာပြတ်လပ်ကာ အငတ်ဘေးကျရောက်လုနီးပါးဖြစ်နေပြီနေဟုဆို

ရခိုင်တွင် စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် မွတ်ဆလင်  IDP စခန်းများတွင်လည်း ရိက္ခာပြတ်လပ်ကာ အငတ်ဘေးကျရောက်လုနီးပါးမျိုးထိ အခက်အခဲ ဖြစ်နေကြရသည်ဟု  ဒုက္ခသည်များက ပြောကြားသည်။

“ ကျွန်တော်တို့ လက်ရှိမှာ တော်တော် အခက်အခဲဖြစ်နေပါတယ်။ ဆန်အပါအဝင် ကုန်စျေးနှုန်းက တက်ပြီး ဆန်၊ဆီ၊ဆားက ရှာမရဘူး။ ဝယ်မရဘူး။ ဆန်ကလည်း အလုံအလောက် မရှိတော့ တအားကို အခက်အခဲဖြစ်နေကြရပါတယ်”ဟု ကျောက်ဖြူ ကျောက်တစ်လုံးစခန်းက ဒုက္ခသည်တစ်ဦးက ပြောသည်။

ရခိုင် တကျော့ပြန်တိုက်ပွဲ ထပ်မံ စတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီသည် ရခိုင်ပြည်ရှိ ကုန်းလမ်းနှင့် ရေလမ်းများကို ပိတ်ပင်ထားခဲ့သည့်အတွက် ကုန်စျေးနှုန်းများ တဟုန်ထိုး မြင့်တက်ကာ လူတိုင်း အခက်အခဲဖြစ်နေရကြရသည်ဟု ကျောက်တစ်လုံး မွတ်ဆလင် ဒုက္ခသည် စခန်းမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“ WFP ကပေးတဲ့ ထောက်ပံ့ကြေးလည်း မရ‌တော့ဘူး။ ဆန်ကွဲနဲ့ပဲ စားနေကြရတယ်။ ဆန်ကွဲ ဆိုရင်လည်း ဆန်ကြမ်းပါ။ ငါးတွေကတော့ လုံးဝမစားရဘူး။ ဟင်းကတော့ မုန်လာရယ်၊ ကန်စွန်း၊ ချည်ပေါင်နဲ့ပဲ စားကြရပါတယ်။ ငရုတ်သီးကတော့ လုံးဝ မ စားရတော့ဘူး။ မိုးလင်းရင် ကလေးတွေကို မုန့်မပေးနိုင်။ အိမ်မှာ ထမင်းချက်ရင်၊ ထမင်းစား။ အဲလိုမျိုးဖြစ်နေပါတယ်။ ပြီးတော့ အမျိုးသားမှာလည်း အလုပ်မရှိတော့လေ။ သူက ဘေးတွဲမောင်းနေတာ။ အခုက လမ်းပိတ်ထားတော့။ အိမ်ထဲမှာပဲ ပိတ်မိနေပါတယ်။ အခုက ဟင်းဆိုလည်း ဟင်းတစ်ခွက်တည်းနဲ့ စားနေရပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ လမ်းများကို ပိတ်ဆို့ထား၍ ကျောက်ဖြူ၊ ကျောက်တစ်လုံး IDP စခန်းမှ ဒုက္ခသည်များမှာလည်း WFP မှပေးသည့် ‌ထောက်ပံ့ကြေးလည်း မရသည့်အပြင် စခန်းပြင်ပသို့ ထွက်ကာ အလုပ်လုပ်ကိုင်၍ မရသည့်အတွက်ကြောင့် စားဝတ်နေရေး လွန်စွာအခက်အခဲ ဖြစ်နေသည်ဟု ပြောဆိုသည်။

ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း IDP Camp တွင်ဆိုလျှင်လည်း ယခင်က စားသောက်ကုန်များကို စစ်တွေမြို့နှင့် ပေါက်တောမြို့ကို မှီခိုပြီး စားသောက်နေခဲ့ကြရာမှ ယခုတွင် လမ်းပိတ်ထားသည့် အတွက် ယခင်လက်ကျန် ကုန်များမှာ စျေးနှုန်းမြင့်တက်နေကာ နောက်တစ်ပတ်လောက်ဆိုလျှင် စခန်းတွင်း ရိက္ခာများပြတ်လပ်နိုင်သည်ဟု ဒုက္ခသည် တစ်ဦးကပြောသည်။

“စားဝတ်နေရေးက အရမ်းကို အခက်အခဲဖြစ်နေတယ်။ ကျနော်တို့မှာ နောက်တစ်ပတ်ပြီးလို့ ရိက္ခာမလာရင် လူတွေ အငတ်‌ဘေးဆိုက်နိုင်ပါတယ်။ အလှူလာခံတယ်ဆိုရင်တောင် မပေးနိုင်တော့ဘူး။ ကိုယ့်မှာမရှိတော့ သူများကို ဘယ်ပေးနိုင်တော့မလဲ။ တစ်ပြည်လုံးတော့ အခက်အခဲဖြစ်နေကြတာပါ။ လူဦးရေ ၈၀ ရာနှုန်းကတော့ ထမင်းနှစ်နပ်မှာ တစ်နပ်ပဲ စားနိုင်တော့တယ်။ ငရုတ်သီးကလည်းမရှိဘူး။ ဟင်းဆိုလည်း ကန်စွန်းရွက်တစ်ခုပဲရှိတယ်။ ဒါတောင် ပိုက်ဆံရှိတဲ့သူတွေပဲ စားနိုင်တာပါ။ စိုက်ပြီးစားဖို့ကလည်း Camp ဧရိယာပြင်ပကို မထွက်ရတော့ ဘာတစ်ခုမှ စိုက်စားလို့မရပါဘူး။ အခုက တိုက်ပွဲတွေလည်းဖြစ်နေကြတော့ စခန်း‌ခေါင်းဆောင်တွေက စခန်းပြင်ပကို မသွားကြဖို့ တားထားပါတယ်”ဟုဆိုသည်။

အလားတူ ပေါက်တော ဆင်တက်‌မော် IDP Camp တွင်လည်း စားဝတ်နေရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုပါ မရသည့်အတွက်ကြောင့် များစွာအခက်အခဲဖြစ်နေကြသည်ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။

“WFP က ထောက်ပံ့တဲ့ ပိုက်ဆံ ရှေ့လကလည်းမရဘူး။ ဒီလလည်းမရဘူး။ ဆန်ကအစ စျေးကြီးနေတယ်။ အရမ်းအခက်အခဲဖြစ်နေတယ်။ ဆေးကုပေးဖို့လည်း စစ်တွေက မလာတော့ဘူး” ဟုဆိုသည်။

ထို့အပြင် စစ်တွေမြို့နယ်ရှိ သက်ကေပြင် IDP Camp မှ ဒုက္ခသည် အမျိုးသမီးတစ်ဦးကလည်း “ကျမတို့က ချက်ပြုတ်နေရတဲ့သူတွေဆိုတော့ အိမ်မှာ ဆန်ကုန်တော့မယ်ဆိုရင် ပူပန်ရပြီ။ ကုန်စျေးတွေကလည်း တက်နေတယ်။ နေမကောင်းဖြစ်ရင်လည်း ပိုက်ဆံမရှိဘူး။ ဆေးတွေကလည်း စျေးကြီးတယ်။ သန္ဓေတားဆေးကအစ။ ကိုယ်ဝန်ဆောင်တွေလည်း ဆေးခန်းပြလို့မရတော့ဘူး။ အရင်က ပိုက်ဆံရှိတဲ့သူတွေဆို စစ်တွေက ဆေးခန်းတွေမှာသွားပြကြတာ” ဟုပြောသည်။

တကျော့ပြန်တိုက်ပွဲကြောင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထား၍ ဒေသခံများပြည်သူများသာမက မွတ်ဆလင်ဒုက္ခသည် စခန်းများတွင်ပါ လွန်စွာအခက်အခဲကြုံနေရoည်ဟု သတင်းရရှိသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...