လွတ်ငြိမ်းခွင့်ရ စစ်သားဟောင်းများအား လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်

လွတ်ငြိမ်းခွင့်ရ စစ်သားဟောင်းများအား လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်

ပုသိမ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသည့် ထောင်ဒဏ်ကျခံနေရသည့် စစ်သားဟောင်း အယောက် ၁၀၀ ကျော်အား ကွင်းကောက် အမှတ် ၆ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ခံရသည်ဟု လွတ်ငြိမ်းခွင့်ရရှိသည့် စစ်သားဟောင်း မိသားစုနှင့် နီးစပ်သူအချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်နှင့် ဌက်ပေါက်အကျဉ်းစခန်းတို့မှ လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် စစ်သားဟောင်း ၁၀၇ ဦးတို့ကို စစ်ကောင်စီ လက်အောက်ခံ ဗိုလ်မှူးကြီးတစ်ဦးက တာဝန်ခံ လက်မှတ်ထိုးကာ ဒီဇင်ဘာလ ၇ ရက်နေ့က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “စစ်တပ်သုံး faw ကား လေးစီးနဲ့ တင်ပြီးခေါ်သွားတာ။ ထောင်ကျ တာကတော့ ပြစ်မှုမျိုးစုံနဲ့ပေါ့။ တချို့က စစ်ပြေးမှု၊ တချို့ကတော့ ရာဇဝတ်မှုကျူးလွန်လို့ လွတ်ရက်နီးနေတဲ့ သူတွေလည်း ပါတယ်။ စစ်မှု ပြန် ထမ်းခိုင်းမယ်လို့ သိရတယ်” ဟု ပြောသည်။

ပြစ်မှုနှင့် ထောင်ကျနေသည့် စစ်သားများကို လွတ်ငြိမ်းခွင့်ပေးသည်ဟု သိရသဖြင့် ပုသိမ်ထောင်သို့ လာရောက် စုံစမ်းရာ စစ်မှုပြန်ထမ်းခိုင်းရန် စစ်တပ်မှ လာခေါ်သွားသည်ဟုသာ သိရကြောင်း လွတ်ငြိမ်းခွင့်ရ စစ်သားဟောင်း တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လွတ်ငြိမ်းခွင့်ရသူ စစ်သားဟောင်းတစ်ဦး၏ မိခင်ဖြစ်သူက‌ “ကျမသားက စစ်တပ်မှာ မနေချင်တော့လို့ ခွင့်မဲ့ ပျက်ကွက်လုပ်ပြီး စစ်ပြေးနဲ့ သွားပြီး အဖမ်းခံတာ။ အဲ့ဒါ စစ် ပြေးလုပ်ဦးဆိုပြီး ရက်ရက်စက်စက် ထောင် လေး နှစ်အချခံရတာ။ အခုလွတ်ဖို့ တစ်လလောက်ပဲ လိုတော့တာ။ မနေ့ကမှ ကွင်းကောက် လေ့ကျင့်ရေးတပ်ကို အပို့ ခံရတယ်လို့ သိရတာ” ဟု ပြောသည်။

စစ်ပြေးမှု၊ ရာဇဝတ်မှု၊ မည်သည့်အမှုတို့နှင့် ဖြစ်စေ အရပ်ဖက်အကျဉ်းထောင်တွင် ပြစ်ဒဏ်ချမှတ် ခံထားပြီးသူ များကို စစ်မှုထမ်းဆောင်ခွင့် မပြုရန် ဥပဒေပြဌာန်းထားသည်ဟု စစ်မှုထမ်းဟောင်း အရာရှိတစ်ဦးက ပြောသည်။

“အစထဲက စစ်မှု ပြန်ထမ်းဆောင်စေချင်တယ်ဆိုရင် စစ်ထောင်ပဲ ချလို့ရတာပဲ။ အခုက စစ်တပ်က မပြေးရဲ အောင် ထောင်လေးနှစ် ငါးနှစ်ဆိုပြီး ပြင်းပြင်းထန်ထန် ထောင်ချနေတာ။ ဟိုးအရင်ကဆို ခြောက်လ-တစ်နှစ် လောက်ပဲချတာ။ မနေချင်တဲ့ သူကို ပြန်လုပ်ခိုင်တော့ရော ဘာထူးမှာလဲ” ဟု ပြောသည်။

လွတ်ငြိမ်းခွင့်ဖြင့် ထောင်မှ ထုတ်လာသည့် စစ်သားဟောင်းများကို ၎င်းတို့၏ သဘောဆန္ဒကို မေးမြန်းခြင်းမရှိဘဲ

အဓမ္မ ပြန်လည်စစ်မှုထမ်းခိုင်းခြင်းဖြစ်ပြီး သင်တန်း နှစ်ပတ်ခန့် ပို့ချမှာဖြစ်သည်ဟု ကွင်းကောက် လေ့ကျင့်ရေး တပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကွင်းကောက်တပ်တွင်း မိသားစုဝင် တစ်ဦးကလည်း “အရင်က အဆင့်ထက် တစ်ဆင့် မြင့်ပေးမယ် ဆိုပြီး မက် လုံးပေးထားတယ်။ အများစုက ပြန်မလုပ်ချင်ကြဘူး။ စက်ရုပ်တွေလိုပဲ တက်တက်ကြွကြွ မရှိကြဘူး” ဟု ပြော သည်။

စစ်ကောင်စီသည် ပြုန်းတီးလာသော စစ်အင်အားကို ပြန်လည် ဖြည့်တင်းနိုင်ရန် ခွင့်မဲ့ပျက်များ၊ တပ်ပြေးများနှင့် စစ်မှုထမ်းဟောင်းများ စစ်မှုပြန်ထမ်းခြင်းကို လက်ခံမည်ဟု ဒီဇင်ဘာ  ၃ ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်သည်။

ထို့နောက် ခွင့်မဲ့၊ တပ်ပြေးများအပြင် အခြားရာဇဝတ်မှုများဖြင့် ထောင်ကျနေ စစ်သားများကိုပါ လွတ်ငြိမ်းခွင့် ပေးပြီး အရပ်ဘက် အကျဉ်းထောင်များမှ လိုက်လံခေါ်ယူနေခြင်း ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...