ကောလင်း နဲ့ ဝန်းသိုမှာ ၆ ရက်အတွင်း Non-CDM ဝန်ထမ်း ၁၆၀ နီးပါးအလင်းဝင်လာ

ကောလင်း နဲ့ ဝန်းသိုမှာ ၆ ရက်အတွင်း Non-CDM ဝန်ထမ်း ၁၆၀ နီးပါးအလင်းဝင်လာ
KIA နဲ့ PDF တွေပူးပေါင်းသိမ်းပိုက်ပြီးနောက်တွေ့ရတဲ့ ကောလင်းမြို့ (Kawlin Revolution-KR)
KIA နဲ့ PDF တွေပူးပေါင်းသိမ်းပိုက်ပြီးနောက်တွေ့ရတဲ့ ကောလင်းမြို့ (Kawlin Revolution-KR)

စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုမှာ Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ရောက်ဖို့ အမိန့်ထုတ်ပြီးနောက်ပိုင်း ၆ ရက်အတွင်းမှာပဲ အလင်းဝင်ရောက်လာတဲ့ Non-CDM ဝန်ထမ်း ၁၅၈ ယောက်အထိရှိလာပြီလို့ NUG ပြည်ထဲရေးနဲ့ လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကောလင်းမြို့ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာ ၂၄ ရက်နေ့မှာပဲ သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဘက်က Non-CDM ဝန်ထမ်းတွေ အလင်း ဝင်ရောက်ဖို့အမိန့်ကြေညာစာထုတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အမိန့်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာပဲ ကောလင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်မှာ ရှိတဲ့ဌာနပေါင်းစုံက Non-CDM ဝန်ထမ်းပေါင်း ၉၈ ယောက်အထိအလင်းဝင်ရောက်ခဲ့ပြီး ဝန်းသိုမြို့နယ်ထဲကတော့ ၆၀ ယောက်အထိ အလင်းဝင်ရောက်လာတယ်လို့ ဆိုထားပါတယ်။

အဲ့ဒီ အလင်းဝင်ရောက်လာတဲ့ Non-CDM အရေအတွက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ အလင်းဝင်လာတဲ့ အရေအတွက်ဖြစ်ပြီး စစ်ကောင်စီလက်အောက်က Non-CDM ဝန်ထမ်းတွေအနေနဲ့ ဒီလ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ နောက်ဆုံးထားအလင်းဝင်ဖို့ ထုတ်ပြန်ထားတာဖြစ်ပါ တယ်။

အလင်းဝင်ရောက်လာတဲ့သူတွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နဲ့ အညီ စီမံနိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်ပြီး လူ့အခွင့်အရေးတွေနဲ့အညီဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းများ အနေဖြင့်ဒီအခွင့်အရေးဟာ နောက်ဆုံးသောအခွင့်အရေးဖြစ်တဲ့အတွက် ပြည်သူလူထုဘက်ကရပ်တည်ဖို့လည်း ဆိုထားပါတယ်။

တစ်ဖက်မှာလည်း KIA နဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာ ပြည်သူ့  အုပ်ချုပ်ရေးစတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာ ၃ ရက်နေ့က ကြေညာခဲ့ ပါတယ်။

အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကိုတော့ ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်နေ့ကဖွဲ့စည်းပေးလိုက်တဲ့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးရုံးအဖွဲ့က ဆောင်ရွက်သွားမှာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေး နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့အပါအဝင် တမူးမြို့နယ် ခါမ်းပါတ်မြို့ နဲ့ ဟုမ္မလင်းမြို့နယ် ထဲက ရွှေပြည်အေးမြို့တွေကို သိမ်းထားနိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

Most read this week

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...