DMG သတင်းဌာနရုံး ဝင်ရောက်စီးနင်းခံရပြီးနောက် ရခိုင်မှ သတင်းသမားများ၏ လုံခြုံရေး စိုးရိမ်စရာဖြစ်လာ

DMG သတင်းဌာနရုံး ဝင်ရောက်စီးနင်းခံရပြီးနောက် ရခိုင်မှ သတင်းသမားများ၏ လုံခြုံရေး စိုးရိမ်စရာဖြစ်လာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို စစ်ကောင် စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်တစ်ဦးနှင့် ညစောင့်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ရခိုင်မှ သတင်းထောက်များ၏ လုံခြုံရေးမှာ အထူးစိုးရိမ်စရာ ဖြစ်လာကြောင်း ရခိုင်အခြေစိုက် သတင်းသမား များက ပြောသည်။

စစ်ကောင်စီသည် DMG ရုံးကို ဝင်ရောက်စီးနင်းပြီးနောက် ရုံးတွင်ရှိသည့် ကွန်ပျူတာ၊ ကင်မရာများနှင့် ဘဏ် စာအုပ်များကိုလည်း သိမ်းဆည်းသွားကာ ရုံးကိုလည်းချိတ်ပိတ်ထားခဲ့သည်။

ဖမ်းဆီးခံရသည့် DMG သတင်းထောက် ကိုထက်အောင်သည် အောက်တိုဘာလ ၂၉ ရက်နေ့ (သီတင်းကျွတ် လပြည့်) နံနက်ပိုင်းတွင်  စစ်တွေမြို့၊ ဝင်္က္ကပါကွင်း၌ ကျင်းပနေသည့် ဆွမ်းတော်ကြီးလောင်း လှူပွဲအား ကင်မရာ ဖြင့် သတင်းဓာတ်ပုံများ သွားရောက်ရိုက်ကူးသည့် အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့် အကြောင်း အရာကြောင့် ဖမ်းဆီးခဲ့ခြင်းကို မသိရှိရသေးကြောင်း DMG မှ ထုတ်ပြန်ထားသည်။

ထိုသို့ သတင်းသမားတစ်ဦး သတင်းယူနေသည့်အချိန်အတွင်းတွင် ဖမ်းဆီးခံရခြင်းသည် ရခိုင်ပြည်နယ်မှ သတင်းထောက်များအတွက် အလွန်အန္တရာယ်များသည့် အခြေအနေဟုဆိုနိုင်ကြောင်း ရခိုင်အခြေစိုက် အမျိုး သား သတင်းထောက်တစ်ဦးက ပြောသည်။

“သတင်းထောက်တွေအပေါ်မှာ စစ်ကောင်စီဘက်က ပစ်မှတ်ထား ဖမ်းလာတယ်လို့ ပြောလို့ရမယ်။ မနေ့က ဆိုရင် အခါကြီးနေ့ကြီး ဖြစ်တယ်။ နိုင်ငံရေးဆန္ဒပြပွဲတစ်ခုကို သွားတာမဟုတ်ဘူး။ ကုသိုလ်ပြုနေတဲ့ပွဲတစ်ခုကို သတင်းသွားယူတဲ့အချိန်မှာ ဖမ်းဆီးတာကတော့ စစ်ကောင်စီဘက်က သတင်းထောက်တွေအပေါ် အများကြီး အငြိုးအတေးထားပြီး ပစ်မှတ်ထားနေတယ်လို့ သတိပြုလို့ရမယ်။ ဆိုတော့ ဒီလိုအခါကြီးနေ့ကြီးတွေမှာ သတင်း ထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဖို့ကြိုးစားနေတာက ရခိုင်မှာရှိတဲ့သတင်းထောက်တွေအနေနဲ့ အများကြီး အန္တရာယ်ရှိလာတဲ့အခြေအနေပါ” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် သတင်းထောက်များကို အချိန်မရွေး၊ နေရာမရွေးဖမ်းဆီးနိုင်ရန် ၎င်းတို့ဘက်မှ အဆင်သင့် ပြင်ဆင်ထားသည်ကို တွေ့မြင်ရပြီး ရခိုင်တွင် သတင်းထောက်လုပ်နေသည့် သတင်းသမားများ အတွက် မြေပြင်ကွင်းဆင်းသတင်းယူရန် အန္တရာယ်အများဆုံးအခြေအနေဟုလည်း သူကသုံးသပ်သည်။

လက်ရှိအခြေအနေများအရ ရခိုင်အခြေစိုက် သတင်းထောက်တစ်ဦးအနေဖြင့် အပြင်ထွက်၍ သတင်းလုပ်ငန်း လုပ်ကိုင်ရန် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေပြီး မြေပြင်အားကွင်းဆင်း၍ သတင်းရယူနိုင်မှုမှာ ယခင်ကထက် ခက်ခဲလာနိုင်ကြောင်း ရခိုင်အခြေစိုက် သတင်းထောက် အမျိုးသမီးတစ်ဦးကပြောသည်။

“မြေပြင်ကိုကွင်းဆင်း သတင်းယူနေတာကနေ ဖမ်းသွားတာဆိုတော့ သတင်းထောက်တွေ အနေနဲ့လည်း တစ်ခု ခုဆို အပြင်သွားပြီး ချက်ချင်းသတင်းလိုက်တာတွေ လုပ်ဖို့ စဉ်းစားချင့်ချိန်လာကြတော့မယ်။ ဆိုတော့ ကွင်းဆင်း တာက အရင်ကထက် နည်းလာမဲ့ အခြေအနေမှာရှိတယ်။ တစ်နေရာမှာ တစ်ခုခုဖြစ်နေရင် ချက်ချင်းကြီး ကောက်ကာငင်ကာ အရင်ကလိုသွားရမယ့် အနေအထားမှာ မရှိတော့ဘူး။ သူတို့(စကစ)ကလည်း အဲ့ဒါကို လို လားတာ။ သတင်းထောက်တွေ အနေနဲ့ မြေပြင်ကို ကွင်းဆင်းပြီး ယူလိုက်တဲ့သတင်းက ပိုတိကျတယ်။ အခု ကိုယ်တိုင် ကွင်းဆင်း သတင်းမယူနိုင်တော့တဲ့အခါ သတင်းမှန်ကန်မှုကလည်း လျော့နည်းသွားမယ်။ သူတို့ (စကစ)ကလည်း သတင်းအမှန်တွေကို အမှောင်ချချင်တဲ့အခါ ဒီလိုမျိုးလုပ်လာတဲ့အခြေအနေပါ” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းမှုကိုခံခဲ့ကြရပြီးနောက် လက်ရှိတွင် DMG သတင်းဌာနမှ သတင်းသမား များ သာမက တခြားသတင်းဌာနများမှ သတင်းသမားများမှာလည်း တိမ်းရှောင်နေကြရသည်။

DMG သတင်းဌာန တာဝန်ရှိသူတစ်ဦးက “ရခိုင်ပြည်မှာလည်း DMG ဆိုတာကလည်း သတင်းမှန်ကန်မှုအပေါ်မှာ အဓိကဘက်ပေါင်းစုံက အသံအစုံနဲ့ လုပ်နေတဲ့ သတင်းဌာနဖြစ်တယ်။ အစိုးရဘက်က အသံလည်းပါအောင်၊ ဒီ ဘက်က အသံလည်းပါအောင် လုပ်နေတာကို ဒီလိုလုပ်တယ်ဆိုတာက မကောင်းဘူးပေါ့။ သူတို့ဟာ ပြည်တွေရဲ့ မျက်စိနဲ့ နားကို အားလုံးပိတ်ပင်ရာ ရောက်တယ်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ် DMG ဒီလိုဖြစ်သွားတယ် ဆို တော့။ နောက်ပိုင်းလည်း လုပ်ဖို့ကိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်။ ဒီဟာဟာ သတင်းလုပ်နေတဲ့ သတင်းလောက တစ်ခုလုံးကိုလည်း ဂယက်ရိုက်စေတယ်” ဟု နိရဉ္စရာသို့ ပြောဆိုထားသည်။

အဆိုပါ Development Media Group(DMG) သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရား အသင်း ဥပဒေပုဒ်မ ၁၇-၂ နှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းက ရခိုင်ပြည်နယ် စစ်ကောင်စီ၏ သတင်းရဲတပ်ဖွဲ့ က အမှုဖွင့်ထားသည်။

ထို့အပြင် DMG သတင်းဌာနမှ တာဝန်ခံ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အတွင်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ ဖြင့် အမှုဖွင့်ခံထားရသည်။

ထို့အပြင် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦး ကို လည်း ပြီးခဲ့သည့်နှစ် မေလနှင့် အောက်တိုဘာလအတွင်းက ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဃ တို့ဖြင့် စစ်ကောင်စီက ထပ်မံအမှုဖွင့်ထားရသည်။

အလားတူ နောက်ထပ် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း ဗိုလ်မှူးဘုန်းမြင့်ကျော်က နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄-က ဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါလ ၂၂ ရက်က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသေးသည်။

လက်ရှိတွင် ရခိုင်အခြေစိုက်သတင်းဌာနများသည် စစ်ကောင်စီ၏ မတရားသဖြင့် ပုဒ်မများကို တပ်ကာ တရားစွဲ ဆိုမှုများကြောင့် ရုံးအထိုင်အတည်တကျမရှိဘဲ တိမ်းရှောင်ကာ သတင်းလုပ်ငန်းများကို လုပ်ကိုင်နေကြရ ကြောင်းလည်း သတင်းသမားများကပြောဆိုကြသည်။

စစ်ကောင်စီမှ DMG သတင်းထောက်တစ်ဦး သတင်းယူနေစဥ် ဖမ်းဆီးကာ ရုံးကို တစ်ပါတည်း လမ်းညွှန်ခေါ် ဆောင်သွားပြီး ရုံးကို ဝင်စီးခြင်းကြောင့် ညစောင့်တစ်ဦးပါ ဖမ်းဆီးခံခဲ့ရသည့်အတွက်ကြောင့် ရခိုင်မှ သတင်း သမားများ၏ အခြေအနေမှာ ပို၍ စိုးရိမ်စရာဖြစ်လာနေသည်ဟု ရခိုင်အခြေစိုက်သတင်းထောက်များက ဆိုကြ သည်။

Most read this week

စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...