ရှမ်းမြောက် နန့်ဟိုင်းစစ်ရှောင်များ အခက်အခဲအမျိုးမျိုး ကြုံနေရ

ရှမ်းမြောက် နန့်ဟိုင်းစစ်ရှောင်များ အခက်အခဲအမျိုးမျိုး ကြုံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ နမ့်ဟိုင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အလောတကြီး ထွက်ပြေးခဲ့ကြရတဲ့ ဒေသခံတွေဟာ တောတောင်တွေမှာ စားဝတ်နေရေး ခက်ခဲမှုတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဟိုင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ ၃၂၄ နဲ့ KIA တပ်ရင်း ၈ တပ်ဖွဲ့တွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းကတည်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာအပြင် လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် နမ့်ဟိုင်းတစ်ရွာလုံးနီးပါး ထွက်ပြေးနေကြရတာ ဖြစ်ပါ တယ်။

လက်နက်ကြီးကျည်နဲ့ လေယာဉ်ဗုံး လွတ်မယ့်နေရာတွေဘက် ထွက်ပြေးနေရတဲ့ နမ့်ဟိုင်းဒေသခံတွေဟာ ပစ်ခတ်မှုတွေကြောင့် အလန့်တကြား ထွက်ပြေးလာရပြီး ဘာပစ္စည်းမှ ယူဆောင်သွားနိုင်တာ မရှိတဲ့အတွက် တောတောင်ထဲမှာ စားရေးသောက်ရေး ခက်ခဲမှုတွေ ကြုံတွေ့နေရတာလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်း ဂျာနယ်ကို ပြောပါတယ်။

“တချို့က မျက်နှာတောင် မသစ်ရသေးဘူး။ လက်နက်ကြီးသံတွေမြည်လာတော့ စားစရာသောက်စရာဆို ဘာမှ မယူမိဘဲ ထွက်ပြေးသွားတာ။ အခုတောထဲမှာ ကလေးတွေလည်း ဌက်ဖျားဖြစ်တဲ့သူတွေကဖြစ်နဲ့ ဆေးဝါးလည်း မရတော့ တော်တော်လေးကိုခက်ခဲနေတာ” လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေသေးတာကြောင့် ဒေသခံ အယောက် ၃၀၀ ကျော်လောက် တောတောင်တွေမှာ ထွက်ပြေးနေရဆဲဖြစ်ပြီး ကျေးရွာဘက်လည်း ဝင်လို့မရတဲ့ အတွက် လမ်းမလျှောက်နိုင်တဲ့ သက်ကြီးဘိုးဘွားတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအစ ခက်ခဲမှုတွေရှိ နေတာလို့ ဆက်ပြောပါတယ်။

“အဘွားတွေ အဘိုးတွေ လမ်းမလျှောက်နိုင်တဲ့သူတွေကို ပိုးတဲ့သူကပိုး ကလေးငယ်တွေကို ဆွဲတဲ့သူကဆွဲနဲ့ ထွက်ပြေးနေကြတာ။ အခုလည်း အထက်ဘက်က လေယာဉ်ဗုံးနဲ့ လက်နက်ကြီးကျည်တွေ ကြောက်တော့ တချို့ ဆို ရွှေ့ပြီးပြေးနေကြတာ” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ထွက်ပြေးနေရတဲ့အထဲ သက်ကြီးဘိုးဘွား ၁၀ ယောက်ကျော်နဲ့ ကလေးငယ် မိခင်နို့စို့တဲ့ အရွယ်ကနေ အသက် ၁၂ နှစ် - ၁၃ နှစ်အောက် ကလေးငယ် အယောက် ၄၀ ကျော်ပါပြီးတော့ ကလေးငယ်တွေထဲ ငှက်ဖျား ဖြစ်ပွား တာတွေလည်း များနေတာကြောင့် ဆေးဝါးတွေလည်း အရေးတကြီး လိုအပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နမ့်ဟိုင်းကျေးရွာထဲက ဘုရားကျောင်း၊ အထိမ်းအမှတ် နေရာ တွေနဲ့ နေအိမ်ထိခိုက်ပျက်စီးတာတွေရှိပြီး လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တစ်အိမ် မီးလောင် ပျက်စီးသွားတာလည်း ရှိပါတယ်။

တရုတ်၊ တအာင်း (ပလောင်)၊ ရှမ်း၊ ကချင်လူမျိုးတွေ နေထိုင်ကြတဲ့ နမ့်ဟိုင်းကျေးရွာမှာ အရင်က တိုက်ပွဲဖြစ်ပွား မှုတွေ ရှိပေခဲ့ပေမဲ့ အခုလိုလက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတာတွေ မရှိတဲ့အတွက် ထွက်ပြေးရတဲ့အထိ အခြေအနေ မရှိခဲ့ဖူးဘူးလို့လည်း ဆိုပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...