ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

အသက် ၅၂ အရွယ် ဦးဇော်နိုင်လင်းသည် နံနက် ၇ နာရီခွဲအချိန်ခန့်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနား လမ်းရှိ ‘ဖူး’ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် သေနတ်သမားက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဇော်နိုင်လင်းသည် အခင်းဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင်ပင် သေဆုံး သွားခဲ့သည်။

“ဦးစီးမှူးက လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်တည်း ထိုင်နေတဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီး ပစ်သွားတာ။ ၃-၄ ချက်လောက်ရှိမယ်။ ပစ်သွားတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဦးဇော်နိုင်လင်း ၏ ရုပ်အလောင်းအား လူမှုကူညီရေးအဖွဲ့က ရေးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြသည်။

ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ရေးမြို့နယ်မှာရှိတဲ့ ပင်လယ်ငါးဖမ်းသ‌င်္ဘောကြီးတွေအပေါ်သြဇာအပြည့်ရှိ၊ လုပ်ပိုင်ခွင့်အပြည့်ဝရထားတဲ့ ငါးဦးစီးမှုကို နံနက် ၇ နာရီခွဲလောက်မှာ အနားပေးလိုက်ပါပြီ” ဆိုပြီး ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် (ခ) ကိုလတ်ကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့သေးသည်။

ထို့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရေးမြို့၊ သီရိမာလာရပ်ကွက် ဦးအောင်သူ (ခ) ဦးစည်သူဆိုသူ ရေးမြို့နယ် ဖလံကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရေးမြို့ရှိ မြဝတီဘဏ် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး

ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သည့်ဖြစ်စဥ် ရှိခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေး အုပ် ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် ၎င်းတို့ စွပ်စွဲသည့် စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...
ပုံ-Facebook
April 24, 2026
တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို...
April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...