ကလေးမြို့နယ်တောင်ပိုင်းမှ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ

ကလေးမြို့နယ်တောင်ပိုင်းမှ စစ်ဘေးရှောင်များ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့နေ ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ်အကူညီများ လိုအပ်နေသည်ဟု ကလေး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးဌာနထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့မှစပြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၀၀ ကျော်က စစ်ကြောင်းထိုးပြီး လူနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။

“တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့အတွက် အဓိကတော့ ဆန်နဲ့ ရိက္ခာတွေ လိုအပ်ပါတယ်။ ကျန်း မာရေးစောင့်ရှောက်မှုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပြုလုပ်ပေးနေပေမဲ့ ဆေးဝါးတွေ လိုအပ်နေတယ်” ဟု လူသားချင်းစာနာထောက်ထားရေးဌာနမှ ကိုနေ့သစ်က မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးမီးရှို့ခဲ့သဖြင့် စက္ကန့်၊ ရှားတော၊ အင်ဒိုင်ကုန်း၊ မြောင်းစုံ၊ ဆင်တော၊ စီးစံကျေးရွာတို့မှ ဒေသခံ ၃,၅၀၀ ခန့် ကလေးမြို့ပေါ်နှင့် နီးစပ်ရာတောတောင်များတွင် စစ်ဘေးရှောင် နေကြ ရသည်ဟု ပြောသည်။

စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်နှင့်ကလေးငယ်အများစုပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင် ကြောင်း ဆိုသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များမှာ နေ့စဥ်နှင့်ပုံမှန်သောက် သုံးနေ ရသော ဆေးဝါးများ ဝယ်ယူနိုင်ရန် အခက်အခဲရှိသဖြင့် ကာကွယ်ရေးအဖွဲ့များတွင်ရှိသော ဆေးဝါးများဖြင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးနေရကြောင်း ကိုနေ့သစ်က ပြောသည်။

ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဌာနအနေဖြင့် တိုက်ပွဲများ ဖြစ်ပွား ကြောင်းသိရလျှင် မြေပြင်သို့ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ကြိုးစားကာ စစ်ဘေးရှောင် ကာလရှည်ကြာလာပါက စားနပ်ရိက္ခာများ ကူညီနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည်။

သို့သော်လည်း ယင်းသို့ အကူအညီများပေးနိုင်မှုသည် စေတနာရှင်များ၏ ကူညီမှုဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ပြီး လတ်တလောတွင် ပါဝင်လှူဒါန်းမှုများနည်းပါးသဖြင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သော ကြောင့် ပြည်တွင်းပြည်ပမှအလှူရှင်များကူညီပေးကြရန် ကိုနေ့သစ်က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စက္ကန့်ရွာကို အောက်တိုဘာလ ၇ ရက်မှစ၍ အကြိမ်ကြိမ်မီးရှို့ခဲ့ရာ ရွာအတွင်းရှိ နေအိမ်များ ကုန်သလောက်နီးပါးရှိပြီဖြစ်ဟု ကူညီပေးနေသူများ က ပြောသည်။

စက္ကန့်ကျေးရွာသည် အိမ်ခြေ ၈၀၀ ကျော် ရှိသော ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထား၍ စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ကြောင်း ဆိုသည်။

Most read this week

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...