နမခတိုင်း စစ်ဌာနချုပ်၊ ထောက်ပို့တပ်ရင်းမှ ဒု-တပ်ကြပ်တစ်ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်

နမခတိုင်း စစ်ဌာနချုပ်၊ ထောက်ပို့တပ်ရင်းမှ ဒု-တပ်ကြပ်တစ်ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) မှ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက ဒု-တပ်ကြပ်တစ်ဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDM- စီယင်းသို့ ယခုလပိုင်းတွင် ဆက်သွယ်၍ အလင်းဝင် ရောက်လာသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ)၊ အမှတ် (၉၃၀)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယတပ် ကြပ် ဦးငိုလျန်ကျင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းကတည်းက စစ်တပ်မှ ထွက်ပြေးလာခဲ့သည်။

စစ်ကောင်စီတပ်မှ ထွက်ပြေးလာပြီးနောက် အသိဆွေမျိုးအချို့ထံတွင် ရှောင်တိမ်းနေခဲ့ပြီး ယခုနှစ် ၆ လပိုင်းတွင် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီးနောက် နောက်ပိုင်းလများတွင် လုံခြုံမှုမရှိစွာ နေထိုင်ခဲ့သည်။

“သူတို့လုပ်ရပ်တွေ မကြိုက်လို့ ထွက်ပြေးလာတာပါ။ ၂၀၂၃ တစ်လပိုင်းကနေ ထွက်ပြေးလာခဲ့တာ၊ ဝရမ်းထုတ်ခံ ရတာက ၆ လပိုင်းဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခရောက်တယ်။ စစ်ဆေးတွေများတယ်။ အရင်ကတော့ တခြားနေရာမှာ ရှောင်တိမ်းနေခဲ့တာပါ” ဟု အလင်းဝင်ရောက်လာသူ ဒု-တပ်ကြပ် ဦးငိုလျန်ကျင်က ပြောသည်။

ထို့ကြောင့် ယခုလပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDM - စီယင်းသို့ ဆက်သွယ်၍ အလင်းဝင်လာခဲ့ခြင်း ဖြစ်ပြီး CDM - စီယင်းတပ်ဖွဲ့သို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDM - စီယင်းမှ စစ်ဦးစီချုပ်က ပြောသည်။

“သူက နောက်ဆုံးဝင်လာတာပါ။ ဖမ်းဝရမ်းထုတ်တော့ သူက ဆက်သွယ်လာတယ်။ လုံခြုံမှုရှိတဲ့နေရာမှာ ခိုလှုံ ချင်တယ်ဆိုလို့ ခေါ်လိုက်တယ်။ အကုန်လုံးက တာဝန်ယူပြီးမှ ခေါ်ပြီးတော့ ပို့ပေးပါတယ်” ဟု သူက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပုံစံအမျိုးမျိုးဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ - CDM - စီယင်းသို့ အလင်းဝင်လာပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီအလင်းဝင်လာသူများကို ဘေးကင်းလုံခြုံသော နေရာသို့ ရောက်သည့်တိုင်အောင် တာဝန်ယူပေးမည်ဖြစ်၍ အလင်းဝင်လာကြရန် CDF- CDM စီယင်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...