စစ်ကောင်စီ ဖမ်းဆီးသွားသူ ၄ ရက်မြောက်တွင် သေဆုံး

စစ်ကောင်စီ ဖမ်းဆီးသွားသူ ၄ ရက်မြောက်တွင် သေဆုံး

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက ဖမ်းဆီးသွားသူ ဦးအောင်မြင့်စိုးသည် ၄ ရက် အကြာတွင် သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှ ဦးအောင်မြင့်စိုးကို လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စခန်းမှူးအား လက်ပစ်ဗုံးနှင့် ပစ်သည့်ခဲ့သည့် လူငယ်များ လွတ်မြောက်သွားပြီးနောက် ဖမ်းဆီးခံ ရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများကပြောသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “ဖမ်းသွားပြီး ၄ ရက်‌ မြောက်နေ့မှာ လာပြီး အကြောင်းကြားတာ သေသွားပြီလို့ အလောင်းတော့ ပြန်မရသေးဘူး” ဟု ပြောသည်။

ဦးအောင်မြင့်စိုးသည် အမှတ် ၄ ရပ်ကွက် NLD ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌ ဖြစ်‌သော်လည်း အေးအေးဆေးဆေး နေထိုင်သူ တစ်ဦးဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးသွားစဉ်က ကျန်းမာရေး ကောင်းမွန်ကြောင်း အမှတ် ၄ ရပ်ကွက်အတွင်း နေထိုင်သူအချို့က ပြောသည်။

ပြီးခဲ့သော ဩဂုတ်လ ၃၀ ရက်နေ့ညက အသုတ်မြို့၊ မိုးစက်ဝတီ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် စခန်းမှူး  လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရသော်လည်း ဗုံးပေါက်ကွဲခြင်း မရှိခဲ့ပေ။

ထို့အပြင် ဗုံးနှင့်ပစ်သူများကို စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့်ရဲများက သေနတ်ဖြင့်ပစ်ခတ်ကာ လိုက်လံ ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသည်ဟု မြို့ခံအချို့က ပြောသည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “NLD  ပါတီကဆိုတော့ အဲဒီအမှုနဲ့ ပတ်သက်ဆက်နွယ်မှု ရှိမယ်အထင်နဲ့ အဲ့ဒီညထဲ က လာဖမ်းသွားတာ။ စစ်မေး ရင်းနဲ့ လက်လွန်သွားတာဖြစ်မယ်။ အခုကာလက လူ့အသက်တစ်ချောင်းဟာ ကြက်တစ်ကောင် ငှက်တစ်ကောင် လောက်တောင် တန်ဖိုးမရှိဘူး” ဟု ပြောသည်။

ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဦးအောင်မြင့်စိုးနှင့်အတူ အသုတ်မြို့မှ အခြားလူငယ် ၇ ဦးကိုလည်း စခန်မှူး ဗုံးဖြင့် ပစ်ခတ်သည့် ကိစ္စတွင် သံသယရှိသည်ဟုဆိုကာ ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ )လမ်းတွင် နေထိုင်သော ကိုထူး ဝေအောင်ကို ခိုးမှုဖြင့် မသင်္ကာဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးသွားပြီး နှိပ်စက်မှု ကြောင့် သေဆုံးသွားခဲ့သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...