အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် ငွေပြန်လှူ

အလင်းဝင်လာသည့် ရဲတစ်ဦးက မတရားသတ်ဖြတ်ခံရသူများအတွက် ကောင်းမှုပြုလုပ်ရန် ငွေပြန်လှူ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် PDF-Zoland ထံ အလင်းဝင်လာသော စစ်ကောင်စီ လက်အောက်ခံ ရဲတပ် သားသည် ချီးမြှင့်ငွေကျပ် သိန်း ၅၀ ထဲမှ ၁၀ သိန်းကျော်ကို စစ်ကောင်စီတပ်၏ မတရား သတ်ဖြတ်ခံရသူ များ အတွက် ရည်စူး၍ကောင်းမှုပြုလုပ်ရန် အသင်းတော်ထံ ပြန်လည်လှူဒါန်းခဲ့သည်ဟု PDF – Zoland က ထုတ်ပြန် သည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် တီးတိန်မြို့၊ ရိပ်သာတစ်ခုမှာ တာဝန်ကျနေစဉ် CDM ပြုလုပ်ရန် ထွက်ပြေးလာခဲ့သော ရဲတပ်သား (၂) ဦးထဲမှ ရဲတပ်သား ဂျူလီ (Julio) သည် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်နိုင်မှုကြောင့် ချီးမြှင့်ငွေထဲမှ ၁၂ သိန်းကို ချင်းပြည်နယ်ထဲက အသင်းတော်တစ်ခုထံကို ဩဂုတ်လ ၂၃ ရက်နေ့တွင် ပြန်လှူခဲ့ သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထော်နီက ပြောသည်။

ဆလိုင်းထော်နီက “ဂျူလီကလေ အဓိကက ဘုရားကျောင်းမှာ လှူတာက စစ်တပ်က ပြည်သူတွေ ကလေးငယ် တွေရော မီးရှို့သတ်ပစ်တဲ့ မြင်ကွင်းကြောင့် စိတ်မကောင်းစွာနဲ့ သူတို့အတွက် ဆုတောင်းပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

MA 3 (၂) လက်၊ ကျည်ဆံ (၂၀၀) ကျော်၊ ကျည်အိမ် (၈) ခု စသဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင် လာသူ ရဲတပ်သား ဂျူလီ (Julio) တို့ ၂ ဦးကို တစ်ဦးလျှင် ကျပ်သိန်း (၅၀) စီ ချီးမြှင့်ခဲ့ပြီး ၎င်းတို့မှာ လွတ်မြောက် နယ်မြေကို ဘေးကင်းကင်းနှင့် ရောက်ရှိသွားပြီဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် တီးတိန်မြို့နယ်တွင် စစ်အာဏာရှင် ခုခံတော်လှန်ရေး ဆောင်ရွက်နေသော PDF -Zoland ထံသို့ လက်နက်ခဲယမ်း အပြည့်အစုံနှင့် အလင်းဝင်သူ ၄ ဦး အပါအဝင် လက်နက်မပါဘဲ အလင်းဝင်လာသော ရဲ၊ စစ်သား ၂၀ နီးပါး ခန့်ရှိသည်။

လက်နက်ခဲယမ်း အပြည့်အစုံဖြင့် CDM ပြုလုပ်လာသူများကို အနည်းဆုံး သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ရန် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးနေသည့်အတွက် ရဲနှင့် စစ်သားများ CDM ပြု လုပ်ကြရန် အမြဲဖိတ်ခေါ်သည်ဟု Zoland PDF မှ တာဝန်ရှိသူက ပြောသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...