ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၅၀ ကျော်မှာ စားနပ်ရိက္ခာ လိုအပ်နေ

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၅၀ ကျော်မှာ စားနပ်ရိက္ခာ လိုအပ်နေ

ကယား (ကရင်နီ) ပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ရှိသော စစ်ဘေးရှောင်စခန်း ၅၀ ကျော်တွင် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ မရောက်သည်မှာ ၂ လ ကျော်ကြာမြင့်နေသည့် အတွက်ကြောင့် ရိက္ခာပိုင်း ပိုခက်ခဲလာသည်ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအသင်း မှ တာဝန်ရှိသူတစ်ဦး က ပြော သည်။

“အဓိကတော့ ကုန်ဈေးနှုန်းတက်တာပေါ့နော်။ ကုန်စျေးနှုန်းက တစ်ဆ နှစ်ဆတော့ တိုးလာတယ် ဆန်တစ်အိတ် မှာဆိုရင် ကျနော်တို့ ၁ သိန်းဝန်းကျင်ထိတောင် ရောက်ရှိလာမှုတွေ ရှိတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မြန်မာပြည်ဘက်မှာ ကုန်ဈေးနှုန်းတက်တာရယ် ပြီးတော့ နောက်တစ်ခုကတော့ စကစက ဒီစစ်ရှောင် ရဲ့ ဒေသတွေကို တကုန်စစ်ဆေးမှု ပိတ်ထားတာတွေရှိတယ်။ ဥပမာ ကျနော်တို့ လွိုင်ကော်နဲ့ ဒီးမော့ဆို ဆိုရင် ဆန် ဆီ ဆား လုံးဝသယ်လို့ မရဘူးပေါ့နော်။ ဒီအခြေအနေမှာက ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ထားတယ်။ စကစ ဘက်က ဖြတ်လေးဖြတ် လုပ်တဲ့ပုံစံ ရှိတာပေါ့နော်။“

စစ်ကောင်စီက လမ်းပိတ်မှုများလည်း ရှိနေပြီး စစ်ဆေးရေးဂိတ်များတွင်ပါ ယခင်ကထက် ပိုမို စစ်ဆေးမှု တင်း ကြပ်ထားသည်ဟု ကူညီပေးနေသူများက ဆိုသည်။

ထို့ကြောင့် စားနပ်ရိက္ခာရရှိဖို့အတွက် အခက်အခဲရှိနေသလို ရိက္ခာသယ်ယူရေးလမ်းကြောင်းကလည်း ခက်ခဲမှု များ ရှိနေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။

“အဲ့လိုမျိုးတွေ ပိတ်ဆို့ထားတဲ့ခါကျတော့ ကျနော်တို့ ဒီစစ်ရှောင်တွေမှာ စစ်ရှောင်တွေကိုလှူတဲ့ အဖွဲ့အစည်း တွေ ကကော စစ်ရှောင်တွေကော ပိုမို ခက်ခဲမှုတွေ ရှိလာတယ်။ ရိက္ခာပြတ်လပ်မှုတွေက ကြုံတွေ့လာမှုတွေ ရှိလာနိုင် တယ်ပေါ့နော် ရှိလည်း ရှိနေပြီးပေါ့နော်။”

လက်ရှိတွင် ကရင်နီပြည်သူများသည် အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသလို အပိုဝင်ငွေအတွက် အလုပ် အကိုင်လည်း မရှိသောကြောင့် ရှိနေသည့် ရိက္ခာများကို ချွေတာစားသောက်နေရသည်ဟု စစ်ရှောင်များက ဆိုသည်။

“ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းတော်တော်များများမှာတော့ ရိက္ခာပိုပြီးနည်းလာတာ အလှူရှင် ပိုပြီး နည်းလာတာ တွေ့ရတယ်။ အရင်တုန်းကဆိုရင် မလာရင်တောင်မှ အနည်းဆုံး နှစ်လကို တစ်ခေါက်လောက် ရောက်ဖြစ်တယ်။ အခု ကျနော်တို့ စစ်ရှောင်စခန်းမှာဆိုရင် သုံးလ၊ လေးလ နီးပါးရှိပြီ အလှူရှင်မဝင်တာ” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင် လူဦးရေ ၁ သိန်းခွဲ ရှိနေပြီး စစ်ရှောင်ရသည့် ကာလ ကြာမြင့်လာသည်နှင့် အမျှ လှူဒါန်းသည့် အလှူရှင်များလည်း နည်းပါးလာသည်ဟု စစ်ရှောင်များက ပြောသည်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...