ကာလုံ အစည်းအဝေးတက်သော ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ NLD ပါတီမှထုတ်ပယ်ခံရ

ကာလုံ အစည်းအဝေးတက်သော ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ NLD ပါတီမှထုတ်ပယ်ခံရ

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ပြီး စစ်ကောင်စီ သက်တမ်းတိုး ရေး အတွက် ပူးပေါင်းဆောင်ရွက်ခဲ့သော NLD အစိုးရလက်ထက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီမှ ထုတ်ပယ်ကြောင်း အမျိုးသား ဒီမိုကရေးစီအဖွဲ့ချုပ်က ဩဂုတ်လ ၉ ရက်နေ့ (ယနေ့) ထုတ်ပြန်ကြေညာသည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၆- ၂၀၂၁ လွှတ်တော်သက်တမ်းတွင် ပါတီမှ ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သည့် ဒုသမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်နေသော အာဏာလု စစ် အုပ်စုနှင့် ဇူလိုင်လ ၃၁ ရက်နေ့က ပူးပေါင်းဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု NLD ဗဟိုအလုပ်မှုဆောင် ကော်မတီက ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် လူမြင်ကွင်းမှပျောက်ကွယ်သွားသော ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူသည် ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သော ကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ အစည်းအဝေးကို တက်ရောက်လာခဲ့ပြီး အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာ ပျောက်ကွယ် နေရာမှ ပထမဆုံး အကြိမ် ပြန်လည်မြင်တွေ့ရခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် စစ်ကောင်စီက နိုင်ငံတော် အရေးပေါ်ကာလ ၆ လသက်တမ်း ထပ်မံတိုးမြှင်ခဲ့သည်။

ထို့ကြောင့် ဩဂုတ်လ ၈ ရက်နေ့ တွင် ဒုတိယ ဗဟိုကော်မတီ ကြားကာလ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် ဗဟိုကော်မတီဝင်များက အများသဘောတူ ဆုံးဖြတ်ခဲ့ ကြသည်ဟု NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသော ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသော မူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည်ကို ချိုးဖောက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ထို့အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသား လွတ်တော် ကိုယ်စား လှယ် တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ကတိ သစ္စာများကိုလည်း ချိုးဖောက်ခြင်းကြောင့် ထုတ်ပယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များ အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၉) ဦးတို့မှာ ကိုယ်တိုင် ဆန့်ကျင်သဖြင့် မတရားဖမ်းဆီးခံထားရသည်။

ထိုနည်းတူ အဆင့်အဆင့်သော ပါတီဝင် အများအပြားလည်း အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ် နှောင်ခံထားရသည်ဟု  NLD ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ဒီမိုကရေစီudk လိုလားသော ပြည်ထောင်စုတစ်ဝန်းလုံးမှ တိုင်း ရင်းသားပြည်သူ တစ်ရပ်လုံးနှင့်အတူ ရင်ဆိုင်ရပ်တည်နေသည်ဟု ထုတ်ပြန်ထားသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...