ဘောလခဲမှာ အချိန်မီ ဆေးဝါးကုသခွင့်မရတာကြောင့် ၅ နှစ်အောက်ကလေးငယ်တစ်ဦး သေဆုံး

ဘောလခဲမှာ အချိန်မီ ဆေးဝါးကုသခွင့်မရတာကြောင့် ၅ နှစ်အောက်ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ် ထိန်းချုပ်နေရာယူထားတဲ့ ကရင်နီပြည် ဘောလခဲမြို့ပေါ်အတွင်းမှာ ရှိနေတဲ့ ငါးနှစ်အောက် ကလေးငယ်တစ်ဦးဟာ ဖျားနာနေပြီး အချိန်မီ ဆေးဝါးကုသခွင့် မရတာကြောင့် အသက်ဆုံးရှုံး လိုက်ရတယ်လို့ ဘောလခဲမြို့နေ ဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့ပေါ် အတွင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရုံတစ်ခု ရှိပေမယ့် အချိန် အကန့်အသတ်နဲ့သာ ပြသနေရပြီး၊ ရပ်ကွက်လူကြီးတွေရဲ့ ထောက်ခံချက် ပါရှိမှသာ ပြသခွင့်ရတာတွေကြောင့် ဖျားနာနေတဲ့ ကလေးငယ်ဟာ သေ ဆုံးခဲ့ရတာ ဖြစ်တယ်လို့ မြို့နေဒေသခံတစ်ဦးက ပြောပါတယ်။

“ငါးနှစ်အောက်ကလေး ရှိမယ်။ ကလေးက ဖျားမှန်း၊ နာမှန်းတော့ သိတယ်။ ဒါပေမယ့် ကိုယ့်ဖာသာကို အိမ်ထဲ မှာပဲ ဆေးကု၊ ဆေးဝါးတွေလည်း မရှိ။ အပြင်မှာလည်း ဆေးဝါးမရှိဘူးကော။ အဲ့ဒါ စစ်ဆေးရုံသွားမယ် ဆိုတော့ လည်း အချိန်အကန့်အသတ်လည်း ရှိတော့ အဲ့ဒါနဲ့ ကလေး ဆုံးသွားရတာပေါ့။ တကယ်လို့ အချိန်မီသာ ဆေးခန်း တွေ ရှိမယ်ဆိုရင် အဲ့ကလေးက မဆုံးနိုင်ဘူး။ အချိန်မီဆေးခန်းလည်း မပို့နိုင်။ ပြီးတော့ စစ်ဆေးရုံပို့ဖို့ဆိုလည်း ရပ်ကွက်ထောက်ခံစာတွေ ဘာတွေ ယူပြီးရင်လည်း သူ့အချိန်နဲ့သူ ဝင်ရတာပေါ့။ ညဆိုလည်း မသွားရ။ မနက် အစောကြီးဆိုလည်း မသွားရ မဝင်ရဆိုတော့ ကလေး ဆုံးသွားတာပေါ့” လို့ မြို့နေဒေသခံတစ်ဦးက ပြောပါ တယ်။

သေဆုံးသွားတဲ့ ကလေးငယ်ကို စစ်ဆေးရုံပြဖို့ ထောက်ခံချက်တွေ ယူလို့ရပေမယ့် စစ်ဆေးရုံရဲ့ လက်ခံနိုင်မှု အချိန်အကန့်အသတ်ကြောင့် ပြသခွင့်မရတော့ဘဲ အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုကြပါတယ်။

လက်ရှိမှာ ဘောလခဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်နေရာယူထားတာ ဖြစ်ပြီး မြို့အဝင်ဖြစ်စေ၊ မြို့ အထွက်ဖြစ်စေ စစ်ကောင်စီရဲ့ ခွင့်ပြုချက် ရရှိမှသာ ဝင်ထွက်သွားလာခွင့်ရှိတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ဒါ့အပြင် တောင်ယာလုပ်ငန်းလုပ်ကိုင်ချင်သူများဟာလည်း စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ခွင့် ရပြီး သူတို့သတ်မှတ်ထားတဲ့ နယ်မြေအတွင်းမှာသာ လုပ်ကိုင်နေရတာကြောင့် ဒေသခံအားလုံး တောင်ယာ လုပ်ငန်း လုပ်ကိုင်ခွင့် မရကြဘူးလို့ ဆိုပါတယ်။

“ခွင့်တောင်းရတာပေါ့။ မြို့ပြင်ထွက်တယ်ဆိုရင် သူတိုကို ခွင့်တောင်းရတယ်။ ပြီးတော့ ပေးမသွားရင်တော့ မသွားရဘူးပေါ့။ ပေးသွားလို့ရှိရင်တော့ သွားရတယ်ပေါ့။ အများအားဖြင့် လုပ်ချင်ကြတယ် တောင်ယာကို။ ဒါပေ မယ့် လုပ်လို့လည်း အဆင်မပြေဘူး။ အဝေးကြီးလည်း ပေးမသွားဘူး။ ဒီမြို့ပြင် နည်းနည်းလောက်ပဲ လုပ်လို့ ရ တာပေါ့။ လုပ်ပေမယ့်လည်း သွားလို့ရှိရင် သူတို့နဲ့ ခွင့်တောင်းရတယ်။ ပြန်ဝင်လာလည်း ပြန်ခွင့်တောင်းရ တာပေါ့။ အဲ့လိုမျိုးရှိတယ်။ အဝေးလည်း ပေးမသွားဘူးလေ” လို့ မြို့နေဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော ဘောလခဲမြို့အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိပေမယ့် စစ်ကောင်စီတပ်ကနေ ညတိုင်း လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့တွင်းမှာတော့ မြို့ခံတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းဟာ တိမ်းရှောင်နေကြပြီး ငါးဆယ်ရာခိုင်နှုန်းဟာ မြို့ပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

ဘောလခဲမြို့နယ်ရဲ့ လူဦးရေမှာ ၂၀၁၈ ခုနှစ် မတ်လအထိ မြို့နယ်အုပ်ချုပ်ရေးမှ ထုတ်ပြန်ထားတဲ့ စာရင်းအရ ရှစ်ထောင်ဝန်းကျင်ရှိပြီး ဘောလခဲမြို့ပေါ်မှာ နေထိုင်သူ နှစ်ထောင်ကျော် ရှိကာ ဘောလခဲကျေးလက်ဒေသမှာ လေးထောင်ကျော်နဲ့ ရွာသစ်မြို့ပေါ်မှာ နှစ်ထောင်ကျော် နေထိုင်တယ်လို့ ဆိုကြပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...