စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးတွေအတွက် ဂီတ သင်တန်းကျောင်းဖွင့်လှစ်

စစ်ဘေးဒဏ်ကြောင့် စိတ်ဒဏ်ရာရတဲ့ ကလေးတွေအတွက် ဂီတ သင်တန်းကျောင်းဖွင့်လှစ်
Htel Phoe Music Learning Center (Facebook page)
Htel Phoe Music Learning Center (Facebook page)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ကလေးတွေကို စိတ်ပျော်ရွှင်မှု တွေ ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဂီတသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Htel Phoe Music Learning Center ကို ဖွင့်လှစ်ထားပါတယ်။

ဒီသင်တန်းကျောင်းကို တော်လှန်ရေး စတင်ချိန်ကတည်းက ၃ လတာ သင်တန်း ဆိုတဲ့အမည်နဲ့ စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၆လတုန်းကစပြီး Htel Phoe Music Learning Center ဆိုတဲ့ နာမည်နဲ့ ပြောင်းလဲဖွင့်လှစ်ခဲ့ တာ ဖြစ်ပါတယ်။

“ဒီစစ်ဘေးဒဏ်ကြောင့် ကလေးတွေကိုအဓိက ရည်ရွယ်ပြီး ဖွင့်တယ်ပေါ့နော်။ သူတို့ရဲ့ ဒေသမှာ အဓိက သူတို့ကို ဒီလက်နက်ကြီးသံတွေ လေယာဥ်သံတွေ အသံတွေကြားတာပေါ့နော်။ သူတို့ကို ပျော်ရွှင်မှုဖြစ်စေဖို့ အတွက် ပေါ့နော်၊ မျှော်လင့်ချက်တွေ ထားရှိစေဖို့ အတွက်ပေါ့နော်။ ပြီးတော့ ကျမတို့ကလေး ဒီကြားတဲ့က ကလေးတွေ ဆိုရင် ကလေးမဟုတ် လူငယ်မဟုတ်တဲ့ ကလေးတချို့ ရှိတယ်ပေါ့နော်။ သူတို့က ပိုပြီးတော့  ဒီစစ်ဘေးဒဏ်ကို Trauma (စိတ်ဒဏ်ရာ) ရနိုင်ဖို့  မြင်တယ်ပေါ့နော်။ ဆိုတော့ သူတို့တွက် ဒီ Music Learning Center ဖွင့်ပေးပြီးတာ့ ဂီတကို သင်ကြားပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ကို ကုစားပေးပြီးတော့ သူတို့ကို ပိုပြီးတော့ မျှော်လင့်ချက် ရှိစေ ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Music Learning Centerကို ဖွင့်ရခြင်းဖြစ်တယ်ပေါ့နော်” လို့ ကျောင်းဖွင့်လှစ်ထားတဲ့ မော်ဖရေမြာက ပြောပါတယ်။    

ဂီတပိုင်းဆိုင်ရာကို သင်ကြားပေးပြီးတဲ့ နောက်ပိုင်းမှာ သင်တန်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိလာတယ်လို့လည်း မော်ဖရေမြာ က ဆက်ပြောပါတယ်။

မော်ဖရေမြာက “ဟုတ် ဒီခလေးတွေကို စာစသင်ပြီးတဲ့ နောက်ပိုင်းမှာ ဒီခလေးကို မြင်ရတာကတော့ ပေါ့နော် မျှော်လင့်ချက် တစ်ခု မြင်ရတယ်။ သူတို့ တယောတီးတယ်၊ သူတို့ ဂီတာ တီးတယ်၊ ပီယံနို (piano) တီးတဲ့ အချိန်မှာ သူတို့ ခက် ခက်ခဲခဲ သူတို့ ခက်ခဲတဲ့ ပညာ‌ရေး တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့  သူတို့ ကြိုးစားပြီး သင်ယူတယ်။ သူတို့ သင်ယူပြီး သီချင်းတစ်ပုဒ် တီးနိုင်တာဖြစ်ဖြစ်၊ သူတို့ Level (အဆင့်) တစ်ခုကို ပြီးသွားတာပဲ ဖြစ်ဖြစ် သူတို့မှာ ပိုပြီးတော့ ပျော်တာကို မြင်ရတယ်” လို့ ပြောပါတယ်။

ဒီသင်တန်းမှာ လာတက်ကြတဲ့ ကလေးတွေဟာ သင်တန်းပြီးနောက်ပိုင်း မိမိကိုယ်ကို ယုံကြည်မှုအပိုင်းလည်း ရှိလာတယ်လို့ ဆက်ပြောပါတယ်။

ထို့အပြင် “ပြီးတော့ သူတို့ကို သူတို့တွက်ပေါ့နော် ဒါက အနာဂတ်မှာ ဘာလုပ်နိုင်လဲလို့ သူတို့ဟာ သူတို့ကို ပြန်မေးမြန်းတဲ့ အချိန်မှာ တယောတီးနိုင်တယ်။ ဒီ Music ပိုင်းမှာလုပ်ဆောင်နိုင်တယ်လို့ သူတို့ဟာသူတို့ Confidence ရှိရှိနဲ့ သူတို့ ပြောထွက်နိုင်တာပေါ့နော်။ အဲ့လိုမျှော်လင့်ချက်တွေ တွေ့ရတယ်” လို့ မော်ဖရေမြာက ဆက် ပြောပါတယ်။

လက်ရှိမှာတော့ သင်တန်းကျောင်းမှာ အသုံးပြုတဲ့ ပစ္စည်းတွေ လုံလောက်မှု မရှိသေးတာကြောင့်၊ သင်တန်း အပတ်စဉ် တစ်ခုကို ကျောင်းသားဦးရေ  ၂၀ ဦး အထိပဲ လက်ခံရတယ်လို့လည်း ဆိုပါတယ်။

အဆိုပါကျောင်းမှာ သင်ကြားပေးသူဝန်ထမ်းကတော့ ၂ ဦးရှိတာ ဖြစ်ပါတယ်။

ဒီကျောင်းဟာ ဂီတပိုင်းမှာ အဓိကဝါသနာပါတဲ့ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား အရွယ်တွေကို  ဦးစားပေးခေါ်ယူ သင်ကြားပေးတယ်လို့လည်း ဆိုပါတယ်။

အဆိုပါသင်တန်းကျောင်းမှာ အပတ်စဉ်တစ်ခုကို ၃ လ တစ်ကြိမ် ဖွင့်လှစ်ပေးတာ ဖြစ်ပြီး အပတ်စဉ် တစ်ခု ပြီးဆုံးတိုင်း နောက်ထပ် တဆင့်ကို တက်ရောက် ခွင့်ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Most read this week

August 4, 2026
စက်သုံးဆီဈေးနှုန်းများ ယခုရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခြင်းကြောင့် စပါးရိတ်သိမ်းရာသီတွင်...
August 3, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများ အတူ...
July 31, 2026
စစ်အုပ်စုက ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း၌ သွားလာနေကြသည့် ပြည်သူများ၏ အိတ်...
July 30, 2026
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ ဆက်လက်ဖြစ်ပွားနေပြီး...