မယ်စဲ့ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ များနေတယ်လို့ KNWO ပြော

မယ်စဲ့ စစ်ဘေးရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ များနေတယ်လို့ KNWO ပြော

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက်တွေ နေ့စဉ်တိုးလာနေပြီး သူတို့အတွက် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ များနေတယ်လို့ စစ်ရှောင်တွေကို ကူညီ ပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု-ဥက္ကဋ္ဌ မော်နိုမြာ က ပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ ဒု ဥက္ကဋ္ဌ မော်နိုမြာက “အခုလက်ရှိကတော့ စစ်ရှောင်တွေလည်း တစ် ရက်ပြီး တစ်ရက် တိုးလာနေတဲ့ အပေါ်မှာ ဆိုရင် မိုးကာတွေ လည်း မလုံမလောက်ဘူး။ ပြီးတော့မှ ဒီခြင်ထောင် တို့ ပြီးတော့ ဒီမနက်ပဲ သတင်းရရှိတာတော့ ဘယ်လိုပြောမလဲ ဒီဆေးနဲ့ ပတ်သက်ပြီး ဆေးကုသမှုနဲ့ ပတ်သက် ပြီး တော်တော်လေး အခက်ခဲရှိတယ်။ ဆိုတော့ အဲ့ဒီဖက်မှာ ဆိုရင် အများအားဖြင့်က ဒီဗိုက်ကြီးသည်အမျိုးသမီး တွေလည်းရှိတယ်။ ပြီးတော့မှ ဒီဖျားတဲ့ လူတွေလည်း ရှိ တယ်။ ပြီးတော့မှ နှလုံးရောဂါတွေ သွေးတိုး အများ အားဖြင့် သွေးတိုးရောဂါခံစားရတဲ့ လူတွေကတော့ ပိုများ တာပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံထဲကို ရောက်ရှိနေတဲ့ စစ်ရှောင် ဦးရေ ၅၀၀၀ ကျော်ရှိနေပြီး မယ်စဲ့မြို့နယ် အနီးက တော တောင်ထဲမှာ စစ်ရှောင်နေကြသူ ၁၀၀၀ ဝန်းကျင်ရှိနေတာပါ။

လက်ရှိမှာ မယ်စဲ့မြို့နယ်အတွင်းမှာ ရှိနေတဲ့ စစ်ရှောင်တွေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးနဲ့ ကလေးငယ် တွေ ဖြစ်ပြီး စားနပ်ရိက္ခာနဲ့ နေ့စဉ် အသုံးအဆောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူ တစ်ဦးက ပြောပါ တယ်။

ထိုင်းနိုင်ငံ အတွင်းကို ရောက်ရှိလာကြတဲ့ စစ်ရှောင်တွေမှာတော့ နေရာထိုင်ခင်းတွေ အခက်အခဲ ရှိနေကြဆဲ ဖြစ် တယ်လို့ KNWO ဒု-ဥက္ကဋ္ဌ ဖြစ်တဲ့ မော်နိုမြာက ပြောလာပါတယ်။

“ထိုင်းဖက်က စစ်ရှောင်တွေခါကြတော့ သူတို့က ဒီထိုင်းအာဏာပိုင်ရဲ့ လက်‌အောက်မှာပဲ သူတို့နေရတော့ ဘယ် လို ပြောရမလဲ။ သူတို့ ဒီနေထိုင်တဲ့ နေရာကတော့ မိုးကာတို့ ဥပမာ မိသားစုအလိုက် ပေးတာတော့ မရှိဘူးပေါ့ နော်။ ဥပမာ တစ်ရွာဆိုရင် အမိုးတစ်ခုပဲ အဲ့လိုမျိုးပေါ့နော်။ မိုးပေးပြီးတော့မှ သူတို့ စုနေခိုင်းတယ်ပေါ့။ အဲ့ဒီဖက် မှာ ဆိုရင် မိန်းကလေးဖြစ်ဖြစ် ယောက်ကျားလေးဖြစ်ဖြစ် သက်ကြီးရွယ်အို အဲ့မှာပဲ ရောနေခိုင်းတယ်ပေါ့နော်“ လို့ မော်နိုမြာက ပြောပါတယ်။

အခုလက်ရှိ ထိုင်းအာဏာပိုင်ရဲ့ လက်အောက်အတွင်းမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ရှောင်တွေအတွက် အကောင်းဆုံး စီမံ ဆောင်ရွက်ပေးနေတာ ရှိတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အထွေ ထွေ အတွင်းရေးမှူးဖြစ်သူ ဦးဗညားက အခုလို ပြောပါတယ်။

“ကျနော်တို့ ထင်တာကတော့ စားဝတ်နေရေးကို အဓိက ဦးစားပေးတာပေါနော် စားဝတ်နေရေးနဲ့ ကျန်းမာရေး ကိုတော့ မဖြစ်မနေ ကျနော်တို့ ခံစားမှုပေါ့ အပြည့်အဝ မဟုတ်သည့်တိုင်အောင်လည်း စောနက ပြောသလိုမျိုး စားဝတ်နေရေး အစာရေစာ ငတ်ပြတ်မှုကြောင့် သေဆုံးမှုတွေ မဖြစ်အောင်တော့ ကျနော်တို့ အကောင်းဆုံး စီမံ ဆွဲနေတာတော့ ရှိပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က စပြီး မယ်စဲ့မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တော်လှန်ရေး တပ်ပေါင်းစုတွေ က သိမ်းယူခဲ့ပြီးတဲ့ နောက်မှာ မယ်စဲ့ဒေသခံတွေအပြင်၊ မယ်စဲ့ကို လာရောက် စစ်ရှောင်နေကြတဲ့ တခြားမြို့နယ် က စစ်ဘေးရှောင်တွေက ထပ်ဆင့် စစ်ရှောင်နေကြရတာပါ။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...