မယ်စဲ့မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင် ၁၀၀၀ ကျော်အကူညီမရသေး

မယ်စဲ့မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင် ၁၀၀၀ ကျော်အကူညီမရသေး

ကရင်နီပြည်နယ်၊ ဘောလခဲခရိုင် အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ တယ်လို့ ကူညီကယ်ဆယ်ပေးနေသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဘောလခဲ မြို့ပေါ်ရပ်ကွက်တခုနဲ့၊ ကျေးရွာ ၅ ရွာ အပြင် မယ်စဲမြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဝန်ထမ်းတွေ လာရောက် စစ်ရှောင်နေကြတာဖြစ်ပါတယ်။

ကူညီကယ်ဆယ်ပေးနေသူတစ်ဦးက “ရွာတွေထဲမှာနေလို့မရဘူး။ အကုန်လုံး တောထဲမှာပဲနော။ ရောက်နေတာ ၂၁ ရက်ရှိပြီ။ အရေးပေါ်လိုတာက မိုးကာ၊ ဆန်၊ဆီ၊ ဆား၊အချို့မှုန့်၊ ပြီးရင် အိုးခွက်ပန်းကန်” လို့ ပြောပါတယ်။

လက်ရှိလူဦးရေ ၁ထောင်ကျော်အပြင် မယ်စဲ့မြို့နယ်ထဲမှာ တိုက်ပွဲအခြေအနေတွေကြောင့် စစ်ရှောင်တွေ ထပ်မံ ရောက်လာဖို့ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိစစ်ရှောင်နေသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေး ငယ်တွေ အများစုဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင် နှုန်းအထိရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြရတာကြောင့်လည်း မိုးကာ နဲ့ စောင်တွေ အဓိက လိုအပ်နေတယ်လို့ ပြောပါတယ်။

ကူညီကယ်ဆယ်ပေးသူတစ်ဦးက “အခုရှိနေတဲ့ ဆန်တွေရယ်၊ အရင်က အနောက်ဘက်ကမ်းကို ပို့ဖို့ ပြင်ထားတဲ့ ဆန်ပြုတ်တွေရယ် ဒါနဲ့လောလောဆယ် လဝက်၊ ၁၅ ရက်၊ ရက် ၂၀ လောက်တော့ တောင့်ခံနိုင်မယ်လို့ထင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ သံလွင်မြစ်ဘေးက စစ်ရှောင်လူဦးရေ ၅၀၀ ဝန်းကျင် အတွက်လည်း လက်ရှိမှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “လက်ရှိမှာက ရိက္ခာက ဘားမှမရှိဘူး သူတို့လူလွတ်ပဲပြေးလာခါကျတော့ ရိက္ခာအခက်အခဲ တအားဖြစ်နေတယ် ခုလောလောဆယ်။ ဆေးဝါးတွေလည်းမရှိ ဆေးမှူးလည်းမရှိသေးဘူးဆိုတော့ ရှိတဲ့ဟာလေး တွေနဲ့ပဲ လိုက်ကူပေးနေရတယ်ပေါ့။ လူအိုတွေကော ကလေးငယ်တွေကော အမျိုးမျိုးတော့ လိုအပ်နေတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ရှောင်တွေဟာ ဇွန်လအတွင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည် ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ မယ်စဲ့မြို့နယ်အသီးသီးကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။

သူတို့တွေဟာ တစ်ပတ်စာရိက္ခာသာ ပါလာတဲ့အတွက် လက်ရှိမှာ စားရေးသောက်ရေးမှာ အခက်အခဲ ကြုံ တွေ့ နေကြတယ်လို့ ပြောပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကိုလည်း သက်ဆိုင်ရာ အစုအဖွဲ့တွေကို တင်ပြတောင်းဆိုထားတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ဇွန်လအတွင်းကစပြီး ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံတွေ ထပ်မံစစ်ရှောင်ခဲ့ရတဲ့အတွက် ကရင်နီပြည်နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ထပ်တိုးလာပြီး ထိုင်းဘက်ခြမ်းအထိ ရောက်ရှိလာသူတွေလည်း ရှိနေပါတယ်။

ဘောလခဲ၊ မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ်မြို့တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြသူအများစုဟာ အမျိုးသမီး၊ သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...