နှစ်ပါတ်ကျော် ကားအဝင်အထွက်မရှိသောကြောင့် တမူးမြို့တွင် စားသောက်ကုန်စျေးနှုန်းအဆမတန် မြင့်တက်

နှစ်ပါတ်ကျော် ကားအဝင်အထွက်မရှိသောကြောင့် တမူးမြို့တွင် စားသောက်ကုန်စျေးနှုန်းအဆမတန် မြင့်တက်

စစ်ကိုင်းတိုင်း၊ တမူးမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ များဖြစ်ပွါးမှုကြောင့် တမူးမြို့ပေါ်သို့ ကားအဝင်အထွက် လမ်းများပိတ်ကာ စားသောက်ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စားသောက်ကုန် စျေးနှုန်းများ အဆမတန် မြင့်တက်နေသည်သာမက အချို့စားသောက်ကုန်များ ပြတ်လပ် နေပြီဖြစ်ကာ ယခုလက်ရှိတွင် ဒေသခံပြည်သူများသည် တမူးနယ်ထွက် သီးနှံများနှင့် လက်ကျန် ကုန်ပစ္စည်းများ ကိုသာ အဓိက အားထားနေကြရသည်။

“အခုက လမ်းပိတ်တော့ ကလေးမြို့ဘက်ကနေ ဘာမှမရောက်တော့ဘူးလေ။ ဟင်းသီးဟင်းရွက်တွေ ကတော့ အခုတမူးမှာရှိတာတွေပဲ စားနေကြရတာပေါ့နော်။ အခုဆိုလည်း ရှိတဲ့ဟာတွေက စျေးတက်ကုန်ပြီ။ တချို့က လည်း ဝယ်စရာ သိပ်မရှိတော့ဘူး” ဟု တမူးဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ တမူးမြို့ပေါ်ရှိ အခြေခံစာသောက်ကုန်စျေးနှုန်းအချို့မှာ ခရမ်းချဉ်သီး ၁ ပိဿာ - ၁၂၀၀၀ ကျပ်၊ အာလူး ၁ ပိဿာ - ၁၀၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ကျပ် ၅၀၀-၆၀၀၊ အမဲသားနှင့် ဝက်သား ၁ ပိဿာကို ကျပ် - ၁၈၀၀၀မှ ၂၀၀၀၀ကြား၊ ဧရာမင်းကော်ချက်ဆန် ၁ အိတ်ကို ကျပ် ၈၆၀၀၀ - ၉၀၀၀၀ စသည်ဖြင့် အသီးသီးရှိသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် လက်ရှိအနေအထားအရ ခရမ်းချဉ်သီးနှင့် ကြက်ဥ စသည်တို့မှာ ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ကုန်စျေးနှုန်းများ မြင့်တက်နေရခြင်းမှာ ဇွန်လ ၁၄ ရက်နေ့ခန့်မှ စတင်ကာ တမူး - ကလေးနယ်စပ်၊ တမူး -မိုးရေး နယ်စပ် စသည့် မြို့စွန်မြို့ဖျား နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အကြား  စစ်ရေးတင်းမာလျက်ရှိပြီး တမူး-ကလေးလမ်းမပေါ်ရှိ ပန်းသာတံတား ဖျက်ဆီးခံရမှုကြောင့် ကား နှင့် ဆိုင်ကယ်များ သွားလာနိုင်ခြင်းမရှိဘူးဟု ဒေသခံတစ်ဦးကပြောသည်။

ယခုလက်ရှိ တမူးမှ ကလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ခြင်း မရှိသော်လည်း အရေးကြီး သွားလာလိုသူများ သည် တမူး - ဘုတ်ကန် မှ တဆင့် ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် သွားလာနိုင်ပြီး တမူး - ဘုတ်ကန်အထိ ခရီးသည် တစ်ဦးမှာ ယာဉ်စီးခ ၅၀၀၀၀ ကျပ်နှင့် ဘုတ်ကန်-ကလေး ၂၀၀၀၀ ကျပ် ဖြင့် သွားလာနေကြရသည်ဟု ဒေသခံ များက ပြောသည်။

ယခင်က တမူး-ကလေး အကြား ယာဉ်စီးခ တစ်ဦးလျှင် ၁၃၀၀၀ ကျပ်သာရှိသော်လည်း ယခုတွင် အနည်းဆုံး ၇၀၀၀၀ ကျပ်ဖြင့် သွားလာနေရသောကြောင့် ခရီးသွားလာသူများ သိသိသာသာနည်းပါးနေသည်။

ဇွန်လ ၂၄ ရက်နေ့တွင်လည်း တမူးမြို့အနီး နဂါးမင်းသမီးတပ်စခန်းတွင် အချိန် ၆ နာရီနီးပါးအကြာ တိုက်ပွဲ ဖြစ် ပွါးခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၇ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...