လာမည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သော ၇၁နှစ်ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ် သထုံမြို့နယ်၊ သုဝဏ္ဏခန်းမ ၌ ခရိုင်အဆင့် ကျင်းပမည်ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေး ဦးဆောင်ကော် မတီထံမှ သိရသည်။
ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်အမျိုးသားနေ့ကို သထုံမြို့နယ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ မြို့နယ်လုံးဆိုင်ရာ ကရင်အမျိုးသားလူငယ်အစည်းအရုံး (KNYU) နှင့် ကရင်စာပေယဉ်ကျေးမှု ဆပ်ကော်မတီတို့ မှ ဦးဆောင်ကာ သထုံခရိုင်အတွင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ် ၊ ပေါင်မြို့နယ်နှင့် ကျိုက်ထို မြို့နယ်တို့မှစုပေါင်းကျင်းပခြင်း ဖြစ်သည်။
အခမ်းအနား ကျင်းပရေး ဦးဆောင်ကော်မတီ စောအောင်မျိုးမင်းက “ကရင်လူတွေ အနေနဲ့ကိုယ်သွားမယ့် လမ်းကြောင်းကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ထိထိရောက်ရောက်သွားစေချင်တယ်။ တစ်ချို့လူငယ်တွေက ဖွဲမီးလိုပဲ ထလောင်တယ် ပြီးရင် ပြန်ငြှိမ်းသွားတယ်။ အဲ့လို မဖြစ်စေချင်ဘူး။ သထုံခရိုင်မှာလည်း ကရင်တွေ ရှိပါတယ်။ ဒီကကရင်တွေကိုလည်း ဒါတွေရှိတယ်ဆိုတာ သိစေချင်လို့ လုပ်တာလည်း ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကရင်လူမျိုးများအမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အဓွန့် ရှည် ဖော်ဆောင်နိုင်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး၊ လွတ်လပ်ခြင်း၊ တရားမျှတ ခြင်း၊ ငြိမ်း ချမ်းခြင်းနှင့် တန်းတူညီတူမှုကို အခြေခံသော ဒီမိုကရေစီဖက်ဒရယ်ကို ဖော်ဆောင်နိုင်ရေးတို့အ တွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်ဟုလည်း စောအောင်မျိုးမင်းက ဆက်ပြောသည်။
အလားတူ၂၀၁၉ခုနှစ်တွင် ကျရောက်သော ကရင်အမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင် ပြည်နယ်စသည့် ကရင်လူမျိုးများ နေထိုင်ရာဒေသများတွင် လည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့် အသီးသီး ကျင်းပပြုလုပ်ကြမည်လည်း ဖြစ်သည်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာဖြင့် ကရင်လူထု ၄သိန်း ကျော်က “ကရင်ပြည် ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ” စသည့် တောင်းဆိုချက်များဖြင့် ဖဆပလ အစိုးရထံ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ထိုနေ့ကို အစွဲပြုပြီး ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၅၃ခုနှစ်၊ ဖာပွန်မြို့၌ကျင်းပခဲ့သော ကော်သူးလေပြည်လုံး ဆိုင်ရာ ကွန်ဂရက်တွင် ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ထောက်ခံ အတည်ပြုခဲ့ကြခြင်းဖြစ် သည်။







