မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) တပ်ဖွဲ့များ တိုက်ပွဲပြန်ဖြစ်

မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) တပ်ဖွဲ့များ တိုက်ပွဲပြန်ဖြစ်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြန်မာ့တပ်မတော်တို့ကြား အချိန်အတော်အကြာ ရပ်တန့်နေသည့် တိုက်ပွဲများမှာ  ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည်ဟု PSLF/TNLA  ကပြောသည်။

“ပြင်းထန်တယ်လို့တော့ အနေအထားတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ရတဲ့အချိန်က တစ်နာရီကျော်ပြီပေါ့နော။ အချိန်က တစ်နာရီခွဲလောက် ရှိသွားပြီ။ မနက် ၁၀ နာရီကစတယ် ၁၁ နာရီခွဲ အထိတော့ ပွဲကမပြီးသေးဘူး” ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြို့နယ် ဟိုနားကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်မှ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၄၄ တပ်များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု PSLF/TNLA  က ပြောသည်။

နမ္မတူ ဒေသခံတစ်ဦးကလည်း  “မနေ့ [ဒီဇင်ဘာလ ၅ ရက်နေ့]က ည  ၉ နာရီ ၃၅ မိနစ်မှာ မိုင်းရင်ကျေးရွာအုပ်စုမှာဖြစ်တာ။ ဒီနေ့လည်း ဖြစ်တယ်လို့ကြားတယ်။” ဟု ပြောသည်။

မြန်မာ့တပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ကြား တိုက်ပွဲများမှာ ရက်သတ္တပတ် သုံးပတ်ကြာရပ်တန့်နေရာမှ  ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ဒီဇင်ဘာလအတွင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် တိုက်ပွဲ ဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA လှုပ်ရှားနေသည့် နေရာအားလုံးကို မြန်မာ့တပ်မတော်က တပ်အင်အားတိုးချဲ့ကာ ထိုးစစ်များ ပြုလုပ်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားလာနိုင်သည်ဟု PSLF/TNLA က ပြောသည်။

“ထိုးစစ်က တော်တော်များတယ်။ အကုန်လုံးပဲ ဟိုဖက် ကျောက်မဲ သီပေါ မိုးကုတ်တို့ပေါ့။ ဒီ နမ့်ဆန် မန်တုံ မိုးမိတ် ကွတ်ခိုင် နမ္မတူ နမ့်ခမ်းတို့ ဖက်ပေါ့။ လက်ရှိအနေအထားကတော့ ကျနော်တို့ လှုပ်ရှားတဲ့ အကုန်လုံး နေရာတွေမှာတော့ ထိုးစစ်တွေကတော့ အမျာကြီးပဲ။ ပြောရမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားးက နေရာတကာမှာ ရှိတာပေါ့” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

PSLF/TNLA အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှု မရှိအောင် အတတ်နိုင်ဆုံး ရှောင်ရှားကာ သွားလာလှုပ်ရှားနေသည်ဟု ဆိုသည်။ သို့သော် မြန်မာ့တပ်မတော်မှ  ၎င်းတို့လှုပ်ရှားရာ တောတွင်းအထိ လိုက်လံတိုက်ခိုက်မည်ဆိုပါက ရှောင်ရှား၍ မရသည့်အဆုံး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည် ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု လူသိများသည့် UWSP/UWSA ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်ဖြစ်ပြီး ၎င်းအဖွဲ့သည် အစိုးရနှင့် NCA မဟုတ်သည့် အခြားလမ်းကြောင်းဖြင့် နိုင်ငံရေး ဆွေးနွေးရန် တရားဝင်ထုတ်ပြန်ထားသည့်အဖွဲ့ ဖြစ်သည်။

May 27, 2026
တရုတ်၏ စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်၏ အဓိကရေတပ်စခန်းကို...
May 26, 2026
တရုတ်၏ ဖိအားကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်တပ်က ပြန်လည်...
ဓါတ်ပုံ - ပုံဟောင်း
May 25, 2026
ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို...
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...