ချင်းပြည်နယ်အတွက် စံချိန်တင်ရာခိုင်နှုန်းဖြစ်ခဲ့ရတဲ့ စနစ်ဟောင်း၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်

ချင်းပြည်နယ်အတွက် စံချိန်တင်ရာခိုင်နှုန်းဖြစ်ခဲ့ရတဲ့ စနစ်ဟောင်း၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်

“ပညာရေးမှာနှောင့်နှေးနေ တာမျိုးမဖြစ်သင့်သလို အသိအမှတ်ပြုခံရမယ့် စာမေးပွဲကို ဖြေသင့်တယ်” လို့ နောက်ဆုံးအကြိမ်အနေနဲ့ ကျင်းပတဲ့ ၂၀၂၃ ခုနှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား ၁ ဦးရဲ့ဖခင်ကဆိုပါတယ်။

လက်ရှိနိုင်ငံရေးပဋိပက္ခကြောင့် မြန််မာနိုင်ငံအနှံ့ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယား ပြည်နယ်က မြို့နယ်တွေမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေများစွာ ပေါ်ပေါက်လာသလို ၎င်းတို့ ထိန်းချုပ် နယ်မြေအတွင်း ကျေးလက်ဒေသတွေမှာ ပညာရေးကျောင်း တွေဖွင့်လှစ်ပြီး ကျောင်းပညာရေးတွေ သင်ကြား ပေးလျက်ရှိပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ကျောင်းသူကျောင်းသားများရဲ့ လိုအပ်ချက်တွေအတွက် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့အများစုရဲ့ မြို့ပေါ်နေရာတွေမှာတော့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန အောက်က အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ပြီး ကိုဗစ်ကပ်ဘေး ကာလမတိုင်ခင် အခြေခံပညာကျောင်းတွေ ရဲ့ အခြေအနေကို ပြန်သွားဖို့ပြင်ဆင်နေပါတယ်။

ချင်းပြည်နယ်ရဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်ဟာ ဆယ်စုနှစ်ပေါင်း များစွာကတည်းက တစ်နိုင်ငံလုံးမှာ အနိမ့်ဆုံးအဆင့်မှာရှိပြီး ရာခိုင်နှုန်း အားဖြင့်လည်း ဆယ်ဂဏန်းဝန်းကျင်နဲ့ရှိခဲ့တာပါ။ ရာခိုင်နှုန်း အများဆုံးဆိုလို့ ၁၉၉၈ က ကျောင်းသားပွဲတော်တုန်းကနဲ့ ၂၀၀၄ ခုနှစ်တုန်းက ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

ဒါတောင် ၂၀ ရာခိုင်နှုန်းကျော်တဲ့ အောင်ချက်ရာခိုင်နှုန်း မဟုတ်ပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းပဲ ပြန်ကြည့်ရင် ချင်းပြည်နယ်ရဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းက ၂၄ ရာခိုင်နှုန်းကအများဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီ အောင်ချက် ရာခိုင်နှုန်းဟာလည်း တစ်နိုင်ငံလုံးမှာ အနိမ့်ကျဆုံး စာရင်းမှာရှိနေတာပဲဖြစ်ပါတယ်။ ၂၀၁၄ မှာတော့ အဆိုးရွားဆုံးအနေနဲ့ ၈ ရာခိုင်နှုန်းပဲအောင် ချက်ရှိခဲ့ပါ တယ်။

ချင်းပြည်နယ်အနေနဲ့ သမိုင်းတစ်လျှောက် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံးက အခု ၂၀၂၃ ခုနှစ်မှာဖြေဆိုတဲ့ စာမေးပွဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့နောက် ပိုင်း၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ဟာ ချင်း ပြည်နယ်သမိုင်း တလျှောက် အများဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။ ချင်းပြည်နယ် အောင်ချက်များနှုန်းက တစ်ခြား ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေလည်း အတူတူပဲ ဖြစ်ပါတယ်။ နှစ်တိုင်း အောင်ချက် အများဆုံး စာရင်းမှာ ပါ တဲ့ ရန်ကုန်တိုင်းကတော့ ဒီနှစ်မှာ အနည်းပိုင်းကိုရောက်သွားပါတယ်။

ယခင်က ကိုဗစ်ကာလမတိုင်မှီကနှစ်တိုင်းချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူဟာ အနည်းဆုံး သောင်းဂဏန်း အထက်မှာရှိခဲ့တာပါ။ ကိုဗစ် - ၁၉ ကြောင့် ကျောင်းနားရတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖို့ စောင့်ဆိုင်းနေရသူတွေဟာ ရောဂါလျော့နည်းလာချိန်မှာ စစ်တပ်ရဲ့အာဏာသိမ်းမှုနဲ့ ကြုံကြရပြန်တယ်။

စစ်ပွဲကြောင့် စစ်ရှောင်ရသူတွေ၊ စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲမှာမဖြေဖို့ဆုံးဖြတ်သူတွေ၊ နိုင်ငံနဲ့ မိသားစု အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံခြား ထွက်ခွါသူတွေ များစွာရှိလာတဲ့အတွက် ၂၀၂၃ ခုနှစ် မတ်လကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ် အတွင်း စာမေးပွဲဖြေဆိုသူ ၃၀၀၀ နီးပါးပဲရှိခဲ့ပါတယ်။ ဒါတောင် စိန်ခေါ်မှုများစွာထဲက ဝင်ရောက်ဖြေဆိုသူတွေဖြစ်ပါတယ်။

သူတို့ထဲက အောင်မြင်သူတွေကို အသိအမှတ်ပြုမှုကလည်း မတူညီနေပါဘူး။ အောင်မြင်မှုကို အသိ အမှတ်ပြု သူရှိသလို စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအောက်မှာ အောင်မြင်သူ တွေကို လှောင်ပြောင်တဲ့သူတွေလည်း ရှိနေပါ တယ်။ စစ်ကောင်စီကျင်းပတဲ့ စာမေးပွဲကို ဖြေဆိုသူအများစုအောင်မှာပါပဲ၊ အရည်အချင်းထက် အရေအတွက်နဲ့ အောင်ချက်များမယ်လို့ စစ်ကောင်စီက စာမေးပွဲကျင်း ပမယ်လို့ကြေညာကတည်းက ဝေဖန်မှုများစွာ ထွက်နေ ပြီးသား ဖြစ်ပါတယ်။

အရင်က ဆယ်စုနှစ်ကိုပဲပြန်ကြည့်ရင် ချင်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ သောင်းကျော်ရှိပေ မယ့် တစ်နိုင်ငံလုံးမှာ အောင်ချက်အနည်းဆုံးအမြဲဖြစ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ကျောင်းသူကျောင်းသားအများစု အခြေခံမကောင်းတာရယ်၊ အရည်အချင်းရှိဆရာဆရာမတွေမရှိတဲ့ ကျေးရွာကနေတစ်ဆင့် အထက်တန်း ရောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေများတာတွေကြောင့် အောင် ချက် နည်းတာလို့ဆိုပါတယ်။

တစ်ဖက်မှာလည်း အရည်အချင်းရှိတဲ့ ကျောင်းသူ ကျောင်းသားတွေကို ငွေရေးအဆင်ပြေတဲ့ မိသားစုအသိုင်း အဝန်းက ပြည်မကို ဘော်ဒါဆောင်ပို့တာ၊ ကျောင်းနေခိုင်း တာတွေ ကြောင့်လို့ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်လှစ်သူ တွေက သုံးသပ်ပြောဆိုထားပါတယ်။

အခုနှစ်မှာတော့ ချင်းပြည်နယ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုဟာ သမိုင်းတစ်လျှောက် အမြင့်မား ဆုံး အောင်ချက်မှာရှိနေပြီး တစ်နိုင်ငံလုံးမှာ အဆင့် ၃ သုံးနေရာအထိရောက်သွားပါတယ်။ ဖြေဆိုသူ ၂၈၂၄ ဦး ရှိပြီး အောင်မြင်သူ ၂၀၄၅ ဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၇၄.၄၂ ဖြစ်ပါတယ်။ ဒီရာခိုင်နှုန်းဟာ သမိုင်းတစ် လျှောက် ချင်းပြည်နယ်ရဲ့တက္ကသိုလ် ဝင်တန်း စာမေးပွဲမှာ အဆပေါင်းများတဲ့ အောင်ချက်ရာခိုင်နှုန်းဖြစ်ပါတယ်။

နောက်ဆုံးအကြိမ်အဖြစ် ကျင်းပတဲ့စနစ်ဟောင်း ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချင်းပြည်နယ်မှာ ထန်တလန်နဲ့ ကန်ပက်လက်ကလွဲပြီး စာစစ်ဌာန ၁၃ ခုမှာ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်မှာ စတင်ကျင်းပခဲ့ပြီး ဖြေဆိုရန်လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၃၄၆၁ ဦးထဲက ၂၈၂၄ ဦးဖြေဆိုခဲ့တယ်လို့ ဖြေဆိုသူ စာရင်းအရ သိရပါတယ်။

၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ်၊ မနှစ်တုန်းက ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၂၂၅၉ ဦး ရှိခဲ့ကာ အောင်မြင်သူ ၆၀၅ ဦးရှိပြီး အောင်ချက်က၂၆.၇၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမွေးပွဲမှာ တနိုင်ငံလုံးမှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား ၂ သိန်း ၈ သောင်းကျော် နဲ့ ၂၀၂၃ ခုနှစ်မှာ ဝင်ရောက်ဖြေဆိုကျောင်းသားအရေအတွက်ဟာ ၁ သိန်း‌ ၆ သောင်းကျော်ရှိ ခဲ့ပါတယ်။

ဒါဟာ အရပ်သားအစိုးရလက်ထက် ကိုဗစ်ကပ်ဘေးကာလ ၂၀၂၀ ပြည့်နှစ်မှာ ဖြေဆိုခဲ့တဲ့တက္ကသိုလ်ဝင်တန်း ကျောင်းသား အရေအတွက် ၉ သိန်း ကျော်ထက် အဆမတန်နည်းပါးနေပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု တစိတ်တစ်ပိုင်းအနေနဲ့ အခြေခံပညာသင်ရိုးတွေကို သင်ရိုးစနစ်ဟောင်းကနေ သင်ရိုးစနစ်သစ်တွေကို အဆင့်လိုက်ပြောင်းလဲခဲ့ရာမှာ ဒီနှစ်မှာတော့ ၁၂ တန်း သင်ရိုး သစ်အထိ ရောက်ရှိပြီဖြစ်ပါတယ်။

မူကြို+ ၁၂ တန်း(KG+12) အခြေခံပညာရေးစနစ်ကို အပြည့်ပြောင်းလဲဖို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အတန်း လိုက် စတင်ခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၂၃-၂၄ မှာတော့ ၁၂ တန်း သင်ရိုးသစ်ကို စစ်ကောင်စီလက်အောက် နိုင်ငံပိုင် ကျောင်းတွေမှာ စတင်သင်ကြားနေတာပါ။

KG+Grade 12 သင်ရိုးသစ်မပြောင်းခင်မှာ အခုနှစ်စမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ သင်ရိုး အဟောင်း သင်ထားတဲ့ ကျောင်းသားတွေအတွက် နောက်ဆုံးဖြေခွင့်ရှိတဲ့စာမေးပွဲလို့ ကြေညာပြီး ကျင်းပခဲ့တာ ဖြစ်ပြီးစနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို ရှုံးနိမ့်သူတွေ၊မဖြေခဲ့သူတွေဟာ လာမယ့် ၁၂ တန်း စနစ်သစ်စာ မေးပွဲမှာ ပါဝင်ဖြေဆိုချင် တယ်ဆိုရင် ကျောင်းတက်သင်ကြားခွင့်မရှိပဲ ကိုယ့်ဘာသာအပြင်မှာလေ့လာပြီး ဖြေကြားခွင့်ရှိမယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...