PDF နှင့် ဆက်သွယ်သည်ဆိုကာ အမျိုးသမီး တစ်ဦးကို ဖမ်း

PDF နှင့် ဆက်သွယ်သည်ဆိုကာ အမျိုးသမီး တစ်ဦးကို ဖမ်း

တနင်္သာရီတိုင်း ကလိန်အောင်တွင် အမျိုးသမီးတစ်ဦးကို PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသွား သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူမှာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ မချိုချိုဦး အသက်၃၅ နှစ်ဖြစ်ပြီး ကုန်မာပစ္စည်းဆိုင် ဖွင့်ထားသူ ဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဆက်ဆံရေးကောင်းတာကြောင့် လူခင်သူ အားပေးသူများတယ်၊ ကြောက်လည်း ကြောက်တတ်တဲ့သူပါ။ မနာလို တဲ့သူ တစ်ယောက်ယောက်က ချောက်တွန်းတာ ဖြစ်နိုင်တယ်” ပြောသည်။

မချိုချိုဦးကို ဇွန်လ ၈ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကား ၃ စီးဖြင့် ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သတင်းပေးများက သူမ၏ အိမ်သို့ ရောက်ရှိလာပြီး နောက် ဖမ်းဆီးခေါ်ဆောင်သွားကြခြင်း ဖြစ်သည်။

ထိုသို့ လာရောက်ဖမ်းဆီးကြစဉ် မချိုချိုဦး ဖွင့်ထားသည့် ကုန်မာပစ္စည်းဆိုင်အတွင်း တစ်နာရီကျော်အကြာ မွှေ နှောက် ရှာဖွေခဲ့ကြသော်လည်း ထူးထူးခြားခြား တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမျိုးလည်း မရှိခဲ့ဘူးဟု ဖမ်းဆီးခံ ရသူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် မချိုချိုဦးကို စစ်ကောင်စီ၏ ခမရ – ၄၁၀ တပ်ရင်းတွင် စစ်ဆေးနေပြီး မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးသေးသည့်အတွက် စိတ်ပူစိုးရိမ်နေကြရသည်ဟု ၎င်းက ဆိုသည်။

ဇွန်လ ၈ ရက်နေ့ ည ၁၁ က ဖမ်းဆီးခံလိုက်ရသူ မချိုချိုဦးကို ဇွန်လ ၁၁ ရက်နေ့အထိ မိသားစုဝင်များနှင့် တွေ့ ဆုံခွင့်မပေးသေးဘူးဟု ဆိုကြသည်။

ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာ အခြေစိုက်တပ်ရင်း ၂ ခုမှာ မေလနောက်ဆုံးပတ် အတွင်းက PDF တပ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့ အပါအဝင် အနီးတဝိုက်ကို စစ်ဆေး မူများ တင်းကြပ်‌လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၁၁ ရက်နေ့ကလည်း PDF များအား ထောက်ပို့လုပ်နေသည်ဟု စွပ်စွဲကာ ကလိန်အောင်မြို့ အမှတ် ၂ ရပ် ကွက်တွင် နေထိုင်သူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေစဉ် ဦးဖြူ အသက် ၅၀ နှစ် ဆိုသူမှာ ချုပ်နှောင်ထားသည့် ရဲစခန်း အတွင်း ပုဆိုးဖြင့် မိမိကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင်သွားခဲ့သေးသည်။

ရွှေဘိုအကျဉ်းထောင် (ပုံဟောင်း - Crd)
August 15, 2026
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံရေးအကျဉ်းသူ ၈...
August 15, 2026
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရခိုင်ပြည် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တို့အား စစ်တပ်က...
August 14, 2026
ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့...
August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...