တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၅ ဦး သေဆုံး

တံတားဦး လေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၅ ဦး သေဆုံး
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် အထူးစစ်ဆင်ရေး ဖော်ဆောင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်မှ ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

စစ်အုပ်စု၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ယာယီ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MOD/NUG) နှင့် မြင်းခြံခရိုင် စစ်ဌာနတို့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် ပြည်သူ့အိုးအိမ်များနှင့် စာသင်ကျောင်း၊ ဆေးရုံများ ကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ရာ၌ အဓိက အသုံးပြုနေသည့် အဆိုပါ တံတားဦး လေတပ်စခန်း အတွင်းရှိ YAK-130 နှင့် Jet Fighter တိုက်လေယာဉ်များ ရပ်နားထားသည့် ပစ်မှတ်များသို့ FPV ဒရုန်းများဖြင့် တိကျစွာ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ရှောင်များကို အကူအညီပေးနေသည့် စစ်ကိုင်းဒေသခံတစ်ဦးက “တံတားဦး လေတပ်စခန်းကနေ တက်လာ တဲ့ လေယာဉ်တွေက ကျနော်တို့ စစ်ကိုင်းဘက်ကို နေ့တိုင်းလိုလို လာဗုံးကြဲနေတာ။ ရွာတွေ၊ စာသင်ကျောင်း တွေ ပါမကျန် ပစ်နေတော့ ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေနေရတယ်လေဗျာ။ အခုလို လေယာဉ်တွေနဲ့ လေတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်တိုက်ပေးနိုင်တာ မြင်ရတော့ လေကြောင်းအန္တရာယ် နည်းသွား မလားဆိုပြီး မျှော်လင့်မိတယ်။ လေယာဉ်တွေ အကုန် ပျက်စီးသွားရင် ပိုတောင် ကောင်းဦးမယ်” ဟု ပြော သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လေတပ်စခန်းအတွင်းရှိ Jet Fighter ၄ စီး ထိမှန်ခဲ့ပြီး ထိုအထဲမှ ၂ စီးမှာ ပျက်စီး သွားကြောင်း မြင်းခြံခရိုင် အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ (MDDS) က ဆိုသည်။

စစ်ဆင်ရေး ပြုလုပ်နေစဉ်အတွင်း တံတားဦးမြို့နယ်၊ အလယ်ကျေးရွာ အနီးတွင် လှည့်ကင်း ပြုလုပ်နေသည့် ယာယီ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးလှိုင်ဦး ဦးစီးသော အင်အား ၄၀ ပါ စစ်အုပ်စုတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့သကဲ့သို့ တော်လှန်ရေး ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့ရသည်။

တံတားဦး ဒေသခံတစ်ဦးက “မနေ့က မွန်းလွဲပိုင်းမှာ လေတပ်စခန်းဘက်က ပေါက်ကွဲသံတွေ ဆက်တိုက် ကြား ရတယ်။ ပြီးတော့ အလယ်ရွာဘက်မှာ မြေပြင် ပစ်ခတ်သံတွေ ထပ်ကြားရတာ။ ခဏနေတော့ စစ်တပ်က တိုက် ခိုက်ရေး ရဟတ်ယာဉ်တွေ၊ Gyrocopter တွေနဲ့ ရွာတွေဘက်ကို ဝဲပြီး ပစ်တော့တာပဲ။ စစ်တပ်ကတော့ သူတို့ လေတပ်စခန်း ထိတာကို ဖုံးချင်လို့ လေဆိပ်ဘက်ကို ပစ်သလိုလို ဝါဒဖြန့်နေတာ” ဟု ပြောသည်။

စစ်အုပ်စုသည် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် တံတားဦးမြို့နယ်၊ ဘူးရောက်ကျေးရွာနှင့် အလယ်ကျေးရွာ အကြားသို့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး၊ Gyrocopter ၃ စီးတို့ဖြင့် လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်၍ မြင်းခြံခရိုင် အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ (MDDS)၊ မြင်းခြံခရိုင် အမှတ် (၄) နှင့် (၁၀) တပ်ရင်းများ၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) နှင့် (၄) တပ်ရင်းများ၊ ရွှေဘိုခရိုင် စစ်ဌာန (၁) နှင့် (၂)၊ တံတားဦး၊ စဉ့်ကိုင်၊ ငါန်းဇွန် မြို့နယ် ပကဖ များ၊ ဒရုန်းတပ်ဖွဲ့များ နှင့် STF စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဟန်ချက်ညီညီ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အဓိက စစ်ဘက်သုံး လေတပ်စခန်း ထိခိုက်ဆုံးရှုံးမှုကို စစ်အုပ်စုက ဝန်ခံခြင်းမရှိဘဲ မျက်နှာချင်းဆိုင်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ အရပ်ဘက် လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စား ဝါဒဖြန့်နေကြောင်း NUG က ထုတ် ပြန်ထားပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ စစ်ဘက် ဗဟိုချက်မများကို ဆက်လက် ထိုးစစ်ဆင်သွား မည်ဟု အသိပေးထားသည်။

September 12, 2026
မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြိတ်ခရိုင်...
September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...
September 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က "၄၉၂၆ စစ်ဆင်ရေး"...