ကာမိုင်းမြို့အဝင် ဂိတ်ကို စုပေါင်းဂိတ်အဖြစ် ဖွင့်လှစ်စစ်ဆေး

ကာမိုင်းမြို့အဝင် ဂိတ်ကို စုပေါင်းဂိတ်အဖြစ် ဖွင့်လှစ်စစ်ဆေး
CJ (ကာမိုင်း-လဝါးလမ်းဆုံရှိဂိတ်)
CJ (ကာမိုင်း-လဝါးလမ်းဆုံရှိဂိတ်)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အဝင် ညောင်ပင်ကျောင်းအရှေ့နေရာနှင့် လဝါးလမ်းဆုံ လမ်းခွ နေရာ၌ စစ်သားများ၊ ပြည်သူ့စစ်များနှင့် ရဲများ စုပေါင်းပြီး အတက်အဆင်း ကားများအား တားဆီးစစ်ဆေးနေ သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ပထမပတ်ထဲ အဆိုပါ စုပေါင်းတပ်က ကာမိုင်းဗျူဟာကုန်းမှ နေ့စဉ် နံနက် ၇ နာရီအချိန်ခန့်တွင် ကျေးရွာ ထဲ ဆင်းလာပြီးနောက် ဂိတ်ထိုင်စစ်ဆေးနေခြင်း ဖြစ်သည်။

ကာမိုင်းဒေသခံ အမျိုးသားတစ်ဦးက “ကားအကြီးတွေ၊ ပစ္စည်းသယ်တဲ့ကားတွေ၊ ဆီသယ်ကားတွေ၊ ကားတွေ အကုန်လုံးကို စစ်ဆေးနေတာ။ တချို့ လိုင်စင်မဲ့ကားတွေကိုလည်း ဖမ်းထားတယ်လို့ ကြားတယ်။ ကျနော်တို့က တော့ မတွေ့ရဘူး။ တချို့တွေကိုဆိုရင် ပြန်လှည့် ပြန်ခိုင်းတဲ့သူတွေလည်း ရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။

ဇွန်လ ၂ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ကာမိုင်းမြို့ရှိ ဒေသခံများသည် ယခုကဲ့သို့ စစ်ကောင်စီ စစ်တပ်မှ ဂိတ်ချကာ ကားများကို တားဆီးစစ် နေခြင်းများ လုပ်နေသည်နှင့် ပတ်သက်၍ အကြောင်းအရင်းကို မသိရဘူးဟု ဆိုကြသည်။

အလားတူ မြစ်ကြီးနား-ဖားကန့်လမ်းတလျှောက်နှင့် နန့်ယား၊ လယ်ပြင်၊ ရှအစ်ယန် စသည့် ကျေးရွာများရှိ ဂိတ် စခန်းများတွင်လည်း လမ်းသွားလမ်းလာ ကားများကို တားဆီး စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဆိုကြသည်။

ဒေသခံတစ်ဦးက “ဘာစစ်တာလဲ မသိဘူး။ ပြည်သူတွေ အကုန်လုံးကို ကားထဲမှာ စစ်ဆေးနေတာ။ လက်နက် ပစ္စည်းတွေကို စစ်တာလား၊ ဒီဥပဒေနဲ့ မလွတ်ကင်းသော အရများဆိုတာ ဘာတွေကို စစ်တာလဲ မသိဘူး။ ပါ လာတဲ့ ပစ္စည်းတွေကို ဆိုရင်လည်း ဟိုး အောက်ဆုံးအထိကို အနှံ့ အကုန် စစ်ဆေးနေတာ။ မှတ်ပုံတင်တွေ လည်း စစ်တယ်။ ဘာဖြစ်လို့ ဘာတွေကို အဓိက ထားပြီး စစ်ဆေးနေကြတာလဲ မသိဘူး။ တခါတလေ ကျနော်တို့ ဒေသခံတွေကိုတောင် စစ်ဆေးချင်နေတာ” ဟု ပြောသည်။

ထို့အပြင် နန့်ယားဂိတ်တွင်လည်း စစ်ကောင်စီတပ်က ကားလိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးနေပြီး လိုင်စင်မဲ့ ကားများကို ဖမ်းဆီးထားသည်မှာ ၁၀ စီးကျော် ရှိနေပြီဟု နန့်ယားဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၄ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်တွင်လည်း ကာမိုင်း ဗျူဟာတပ်ကုန်းဘက်မှ လက်နက်ကြီး ကျည်ဖြင့် ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။ ထို့အပြင် လက်နက်ငယ် ပစ် ခတ်သံများလည်း ထပ်မံကြားရပြီး မည်သည့်ဘက်သို့ ဦးတည် ပစ်ခတ်သည်ကိုမူ မသိရှိရဘူးဟု ဒေသခံများ က ဆိုသည်။

ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအနီး လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်နေ သောကြောင့် နေအိမ်များကို ထိမှန်ကာ ပျက်စီးမည်ကို စိုးရိမ်နေကြသည့်အပြင် လူသူထိမှန်မည်ကိုလည်း စိုးရိမ် ထိတ်လန့်နေကြသည်။

ကာမိုင်းဗျူဟာကုန်းတွင်လည်း မေလတတိယပတ်ကတည်းက စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တပ်အပြောင်းအလဲရှိနေပြီး လက်ရှိတွင် စစ်ကိုင်းဘက်မှ တက်လာသည့် တပ်မ ၃၃ မှ အင်အား ၁၀၀ ကျော် နီးပါးက စခန်းချနေထိုင်ထားသည်ဟု ဒေသခံများက ပြောသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...