စစ်ကောင်စီ စစ်ကြောင်းက ရွာသား နှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

စစ်ကောင်စီ စစ်ကြောင်းက ရွာသား နှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အတွင်း ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ရွာသားနှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးသွားသည့်အပြင် နေအိမ် နှစ်ဆောင်ကိုလည်း မီးရှို့ဖျက်စီးသွားခဲ့ သည်ဟု ရွာသား များက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် လယ်ကွင်းအတွင်း ငါးဖမ်းနေသည့် သရက်နှစ်ခွကျေးရွာသား ၂ ဦးကို လူသားဒိုင်း ပုံစံဖမ်းဆီးကာ လမ်းပြခိုင်းခဲ့ပြီးနောက် ဥတ္တူကျေးရွာက နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ် သည်။

အသက် ၅၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက “အရင် စရှို့တဲ့ အိမ်ကတော့ တစ်ဆောင်လုံး ပြာကျသွားတယ်။ နောက်အိမ်ကတော့ တခြမ်းပဲလောင်သွားတယ်” ဟု ပြောသည်။

ဇွန်လ ၆ ရက်နေ့၊ နံနက် ၅ နာရီခန့်အချိန်က သရက်နှစ်ခွကျေးရွာဘက်မှ ဥတ္တူတံတားအနီး လယ်ကွင်းလမ်းမှ ဥတ္တူကျေးရွာအတွင်း အင်အား ၅၀ ခန့်ဖြင့် ခြေလျင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

သရက်နှစ်ခွကျေးရွာဘက်မှ နယ်မြေရှင်းလင်းရန် ခြေလျင်စစ်ကြောင်းထိုးလာသည့် အင်အား ၅၀ ခန့် ရှိ စစ် ကောင်စီ စစ်ကြောင်းက မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်း ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ရွာတောင်ပိုင်းမှ နေအိမ်တစ်ဆောင်ကို စတင် မီးရှို့ခဲ့ကာ နံနက် ၈ နာရီအချိန်ခန့်တွင် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်ဆောင်ကိုလည်း ထပ်မံ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ရွာသားက ဆက်ပြောသည်။

ထို့နောက် ဇွန်လ ၆ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ရွာသားနှစ်ဦးကို ဆက်လက်ခေါ်ဆောင်ကာ ဥတ္တူကျေးရွာမှ ကျောက်လှေကားရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ရွာ သားများက ပြောသည်။

ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဝင်ရောက်လာစဉ် ကတည်းက ရွာသားများမှာ စိုးရိမ်ကြောက်ရွံ့ကာ ဘေးလွတ်နိုင်မည့် နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး နေအိမ်သို့ပင် မပြန်ရဲကြသေးသည့် ရွာသားအချို့  ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။

မေလ ၃၁ ရက်နေ့ကလည်း ထားဝယ်မြို့နယ် သင်္ကန်းတုံးကျေးရွာက နေအိမ် ၈ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...