ကွတ်ခိုင်မြို့နယ် တရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်၊ ဒေသခံများ ကတုတ်ကျင်းထဲ ဝင်ခိုရ

ကွတ်ခိုင်မြို့နယ် တရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်၊ ဒေသခံများ ကတုတ်ကျင်းထဲ ဝင်ခိုရ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း၌ တစ်နေ့တည်းအတွင်း ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည့် အတွက် ဒေသခံများက ကတုတ်ကျင်းထဲ ဝင်ရောက်ခိုရသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်း ၁၀ နာရီ ၁၀ မိနစ်တွင် ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေကျေးရွာအနီး၌ လက်နက်ကြီး/ လက်နက်ငယ် ပစ်ခတ်သံများ စတင် ထွက်ပေါ်လာခဲ့ကြောင်း နီးစပ်သည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံ အရင်ပေါ်လာတယ်၊ ပြီးမှ သေနတ်သံတွေ ထွက်လာ တယ်၊ ရွာ နဲ့ အတော်နီးနေတော့ အားလုံးနီးပါးက ကတုတ်ကျင်းထဲ ဝင်ခိုကြရတယ်။ အဲ့ဒီ ပစ်ခတ်မှုက နာရီ ဝက်ကျော်တော့ ကြာသွားတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှု ငြိမ်သွားသည့်နောက် ရွာသားများ ကတုတ်ကျင်းထဲမှ ပြန်ထွက်လာပြီး ၁၀ မိနစ်ကျော်ကြာ ဝန်းကျင် တွင် နောက်ထပ် တစ်ဖန် ပစ်ခတ်သံများ ပေါ်ပေါက်လာကြောင်း ဒေသခံများက ထပ်ပြောသည်။

အထက်ပါ အမျိုးသမီးက “ဒုတိယ အကြိမ် ပစ်ခတ်မှုက ၁၀ မိနစ်ကျော်တော့ ကြာတယ်။ ဒါလည်းလက်နက် ကြီးတွေပါတယ်။ ကတုတ်ကျင်းထဲ နောက်တစ်ဖန် ပြန်ဝင်ရတာပေါ့။ ဘယ်အဖွဲ့ နဲ့ ဘယ်အဖွဲ့က ပစ်တာလဲ ဆိုတာတော့ မသိရဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်သံများ ထွက်ပေါ်လာရာ နောင်ဆွေကျေးရွာသည် ကွတ်ခိုင် - မူဆယ်သွားသည့် ကားလမ်းမကြီးမှ ကွတ်ခိုင်မြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်းသည်  စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ ကချင်တပ်မတော် KIA နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့က သွားလာလှုပ်ရှားနေသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ်မှ အလယ်တန်းကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လက်အောက်ခံ ပညာရေး စနစ် လက်မခံနိုင် ဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းရန် KIA  တပ်ဖွဲ့က ပြောဆို ညွှန်ကြားမှု ရှိခဲ့သည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...