ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များဖျက်ဆီး

ကျိုက်ထီးရိုးဘုရားရင်ပြင်ပေါ် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များဖျက်ဆီး
by -
မွန်သတင်းအေဂျင်စီ
ပျံကျစျေးသည်များအား ဂေါပကရုံးမှသတိပေးစဉ်(MNA)
ပျံကျစျေးသည်များအား ဂေါပကရုံးမှသတိပေးစဉ်(MNA)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီရင်ပြင်ပေါ်  ရောင်းချနေသည့်ပျံကျဈေးသည် ၂၂ ဦး၏ ကျန်းမာရေးနှင့်မညီညွတ်သည့်အစားအသောက်များကို အောက်တိုဘာလ (၂၁) ရက်နေ့က ဖျက်ဆီးခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပက အဖွဲ့မှ သတင်းရရှိသည်။

 ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင် ဦးအေးမြင့်သိန်းက “ကြက်ကြော်တို့ ဒုတ်ထိုးတို့၊ သရက်သိီးချဉ်ငံစပ်တို့  ယင်နားလားဘာလားမသိ၊ အဖုံးလည်း မရှိဘဲ ရင်ပြင်တော်မှာ လျှောက်ရောင်းနေတယ်။ ဘယ်လိုမှ စားသုံးလို့မသင့်ဘူး၊ မင်းတို့ ပစ္စည်းမင်းတို့ အသိဆုံးပေါ့နော်။ ငါတို့ ဘုရားဖူးလာတဲ့လူတွေက မင်းတို့ရောင်းတာစားပြီး တစ်ခုခုဥပါဉ်ဖြစ်သွားရင် မင်းတို့အတွက်လည်း မကောင်းဘူး။ ငါတို့ကျိုက်ထီးရိုးလည်း နာမည်ပျက်တာပေါ့နော်။ နောက်မရောင်းပါနဲ့ဆိုပြီး ခံဝန်ကတိထိုးခိုင်းထားတယ်။ နောက်တစ်ခါရောင်းရင် တည်ဆဲဥပဒေအရတရားစွဲမယ်လို့တော့ သူတို့ကို ပြောထားတယ်” ဟု ဆိုသည်။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်များ ၊ ရင်ပြင်တော်ရဲတပ်ဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေးနှင့်လုံခြံုရေးတပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီဝင်များ ပူးပေါင်းကာ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်တွင် လာရောက်ရောင်းချနေသည့် ကြက်ကြော်၊ ငှက်ကြော်၊ ပယာကြော်၊ အချဉ်ပေါင်း၊ ငုံးဥ၊ ဒုတ်ထိုး၊ အသားလုံး၊ ကြက်ဥ၊ အသားလုံး စသည့် အစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်ဘဲ အကြိမ်များစွာပြန်ကြော်ထားသည့်အတွက် ဘုရားဖူးများအနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်ပေါ်စေရန်  ဈေးသည်(၂၂) ဦးကို နောက်နောင် ယင်းကဲ့သို့ ထပ်မံမရောင်းချရန် သတိပေးခဲ့ကြောင်း ဦးအေးမြင့်သိန်းက ပြောသည်။

ထို့ပြင် နံ့သာဖြူ၊ ကရမက်ဆိုပြီးရောင်းချသည့် ဈေးသည်များကိုလည်း ရှောင်တခင် စစ်ဆေးအရေးယူမှုများ ပြုလုပ်နေပြီး နံ့သာဖြူဈေးသည် (၂)ဦးကိုလည်း  အောက်တိုဘာလ (၁၆) က သတိပေးခဲ့ပြီး ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။

“နံ့သာဖြူ  ကရမက် တွေကိုလည်း ဘုရားဖူးလာတဲ့ လူတွေကို လိမ်ရောင်းနေတာပဲလေ။ သစ်တုံးပေါ်မှာ နံ့သာဖြူအဆီလေးနဲ့ ပြုတ်လိုက်ပြီးတော့မှ အပိုင်းပိုင်းတုံးပြီး နေလှန်းလိုက်ရင် အနံ့က စွဲနေတာပဲလေ။ အဲ့ဒါကို ဘုရားဖူးတွေဆီ လိမ်ရောင်းနေတာလေ။ ဦးတို့ ဂေါပက အသစ်လက်ထက်မှာတော့ ဒါမျိုးတွေ လုံးဝပပျောက်အောင်ကြိုးစားနေတယ်” ဟု ဦးအေးမြင့်သိန်းက ဆက်ပြောသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း ကျိုက်ထီးဘုရားပေါ်က  ချိုချဉ်သည် (၆) ဦး၊ ပယာကြော်သည် (၃) ဦး၊ ကြက်ကြော်သည် (၆) ဦး စုစုပေါင်း ဈေးသည်(၁၅) ဦးကို ခံဝန်ကတိလက်မှတ်ထိုးစေခဲ့သည်။

ကျိုက်ထီးရိုးစေတီဂေါပက အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်ဆောင်က “ သူတို့ကို နောက်အဲ့လိုမရောင်းဖို့ သတိပေးထားတယ်။ သံဃာအတု နှစ်ပါးကိုလည်း သင်္ဃန်းချွတ် လူဝတ်လဲပြီး ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့တယ်”ဟု ပြောသည်။

ထို့အပြင် ကျိုက်ထီးရိုးဘုရားပုံတော်ပါ အမှတ်တရ အဝတ်အထည်များကိုလည်း သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချခြင်းမပြုရန်နှင့် တောရိုင်းတိရိစ္ဆာန်အသားများကို ရောင်းချခြင်းမပြုရန် ဂေါပက အဖွဲ့က တားမြစ်ထားသည်။

ကျိုက်ထီးရိုးစေတီသို့ ပြီးခဲ့သည့်နှစ်က ဘုရားဖူးပေါင်း၂၈ သိန်းခန့် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ဘုရားဖူးဦးရေပေါင်း သိန်း ၅၀ နီးပါးခန့် လာရောက်နိုင်မည်ဟု မွန်ပြည်နယ်အစိုးရ ခန့်မှန်းထားသည်။

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...