ရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဆင်အင်းကြီးရွာသို့ စစ်သားများဝင်ရောက်၊ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရ

ရွာသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဆင်အင်းကြီးရွာသို့ စစ်သားများဝင်ရောက်၊ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရ

စစ်တပ်က ရွာသား ၉ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပစ်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာထဲသို့ လက်နက်အပြည့်အစုံနှင့် စစ်ကောင်စီတပ်သားများဝင်ရောက်လာ၍ ကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရကြောင်း နိရဉ္စရာ သို့ပြောသည်။

ယနေ့ မေလ ၂၆ ရက်၊ နေ့လယ် ၂ နာရီကျော်အချိန်က ကျေးရွာအတွင်းသို့ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် MPT တာဝါတိုင် ပြုပြင်ရန်လာသည့် အလုပ်သမားအဖွဲ့နှင့်အတူ ယူနီဖောင်းနှင့်  လက်နက်အပြည့်အစုံ တပ်ဆင် ထားသည့် စစ်သား ၁၀ ကျော်လောက် ရွာထဲဝင်ရောက်လာခဲ့သည်ဟု  ကျေးရွာသားတစ်ဦးက ပြောသည်။

“သူတို့ဝင်လာတာကတော့ ရွာမှာ MPT တာဝါတိုင်တခုရှိတယ်။မုန်တိုင်းတုန်းက ပျက်စီးသွားလို့ အခုအဲဒီ တာ ဝါတိုင်ကို ပြန်ပြင်ဖို့ဝန်ထမ်းလာတဲ့အချိန်မှာ သူတို့လည်း ပါလာတာပါ။ လုံခြုံရေးယူတဲ့ သဘောလို့ ထင်ပါ တယ်” ဟု ဆင်အင်းကြီး ဒေသခံတစ်ဦးက နိရဉ္စရာ သို့ပြောသည်။

တကျော့ပြန်တိုက်ပွဲကာလက  ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့က  စစ်ကောင်စီတပ်သားများသည် ဆင်အင်းကြီး ကျေးရွာအတွင်းသို့  ဝင်ရောက်လာပြီး သက်ကြီးရွယ်အိုများအပါအဝင် ရွာသား ၉ ဦးကို အကြောင်းမဲ့ သတ်ဖြတ် ပစ်ခဲ့သည်။

အလားတူဖြစ်ရပ်မျိုးဆက်ဖြစ်မည်ကို စိုးရိမ်ပြီး စစ်ကောင်စီတပ်သားများ လာသည်ကို မြင်သည်နှင့် ကြောက် လန့်၍ ရွာလုံးကျွတ် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

“အရင်တိုက်ပွဲဖြစ်တုန်းကလည်း ရွာထဲဝင်လာပြီးတော့ သူတို့ သတ်လို့ ရွာသားတွေသေခဲ့ရတော့ ကြောက်လို့ ပြေးတာပါ။ အခုသူတို့လည်း ပြန်ထွက်သွားကြပါပြီ။ ရွာသားတွေလည်း ပြန်ရောက်နေပါပြီ” ဟုပြောသည်။

ဆင်အင်းကြီးကျေးရွာသည် ပုဏ္ဏားကျွန်းမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာတွင် တည်ရှိပြီး  စစ်ကောင်စီ ၏ ၅၅၀ တပ်သားများ ဝင်ရောက်လာပြီး နေအိမ်တချို့ကိုမီးရှို့ဖျက်ဆီးကာ သက်ကြီးရွယ်အို အပါအဝင် အမျိုး သား ၇ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို အကြောင်းမဲ့ သတ်ဖြတ်ပစ်ခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ကျေးရွာသား များက နိရဉ္စရာ သို့ ပြောဆိုထားသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...