ဟူးကောင်း ချိုင့်ဝှမ်းဒေသ ထိုးစစ်ကြီး ဖြစ်ပေါ်လာနိုင်

ဟူးကောင်း ချိုင့်ဝှမ်းဒေသ ထိုးစစ်ကြီး ဖြစ်ပေါ်လာနိုင်
by -
ကေအဲန်ဂျီ
ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ကို တပ်မတော်က စစ်အင်အားအလွန်အကျွံ ပို့ဆောင်နေသဖြင့် တိုက်ပွဲကြီးဖြစ်လာနိုင်ကြောင်း ဒေသခံများပြောသည်။

လွန်ခဲ့သည့် ၂ လ ခန့်မှ မြန်မာ့တပ်မတော်စစ်အင်အားတိုးချဲ့မှု ပိုမိုများလာပြီး အထူးသဖြင့် ညပိုင်းမှ သွားလာလေ့ရှိကြောင်း လီဒိုလမ်း အောင်ရာကျေးရွာက ဒေါ်ဘောက်ဂျာက ယခုလို ပြောသည်။

“ကျမတို့ ဒေသမှာ ညမထွက်ရ (ည ၆ မနက် ၆) အမိန့် ထုတ်ထားတယ်။ ညဆို ခွေးဟောင်တိုင်း အပြင်ကို ကြည့်လိုက်ရင် စစ်သားတွေပဲ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၂ လ လောက်ကစပြီး လီဒိုလမ်းနဲ့ ဖားကန့် လမ်းဘက်ကို တပ်မတော်စစ်အင်အား ၅၀၀၀ လောက်ရောက်နေပြီလို့ ခန့်မှန်း ရတယ်။”

တပ်အင်အားတိုးချဲ့ခြင်း များလာသည့် တစ်ဖက်တွင် အစိုးရတပ်မတော်သားများ က ဒေသခံများကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်လာကြောင်း ဒေသခံများ ပြောသည်။

တနိုင်းဒေသ တရားမဝင်ရွှေမှော်၊ ပယင်းမှော် လုပ်သားများ ကို ဇွန်လ ၁၅ ရက် နောက်ဆုံးထားထွက်ခွာရန် တပ်မတော်က ထိုလတွင် သတိပေးခဲ့သည်။ လုပ်သားပြည်သူများ ထွက်ခွာသွားသည့်နောက် ၄င်းနေရာများတွင် တပ်မတော် က တပ်စခန်း ချ နေထိုင်လိုက်ကြောင်း ဒေသခံများ မှ သိရသည်။

အစိုးရတပ်မှ တနိုင်းဒေသကို ဆန် နှင့် စက်သုံးဆီတင်သွင်းမှု တားမြစ်ခြင်းသည် KIA တပ်မဟာ ၂ ကို အင်အားနည်းအောင် ပြုလုပ်ပြီး တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်သည့် အဆင့်တစ်ခုဖြစ်ကြောင်း ဟူးကောင်းဒေသခံ ဦးလရှီးအောင်လတ် က ခန့်မှန်း ပြောဆိုသည်။

မြန်မာစစ်တပ်၏ စစ်အင်အားသယ်ယူပို့ဆောင်မှုကို ယခင်လို နေ့ခင်းဘက် သိပ်မတွေ့ရတော့ဘဲ ညပိုင်းမှသာ တွေ့ရကြောင်း တနိုင်းမြို့ခံ တစ်ဦး ပြောသည်။ ထို့အပြင် အရပ်ဝတ်စစ်သားများကိုလည်း တွေ့ရသည်ဟု ပြောသည်။

သြဂုတ်လတွင် စစ်ရှောင်ကူညီရေး အဖွဲ့များ၊ ဘာသာရေးအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ PCG တို့ ပူးပေါင်းပြီး တနိုင်းမြို့ရှိ စစ်ပြေးဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး အချက်အလက် ကောက်ယူပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တင်ပြထားပြီ ဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များ ပြောသည်။

သို့သော်လည်း လပိုင်းမှ စပြီး လီဒိုလမ်း တနိုင်းမြို့ ဘက်ကို တပ်မတော်၏ စစ်အင်အားအလွန်အကျွံ ပို့ဆောင်ထားမှုကြောင့် တိုက်ပွဲကြီး ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများ ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေး တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က ‘သူတို့က အဲဒီဒေသ ကို ရှင်းလင်းမယ်လို့ တရားဝင် လွတ်တော်မှာလည်း ပြောထားတဲ့အတိုင်း လုပ်လာမှာဘဲ။ သူတို့ဘက်က ကျနော်တို့ နေရာကို ဝင်လာရင်တော့ တိုက်ပွဲ ဖြစ်မှာတော့ သေချာတာပေါ့” ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာလ နေပြည်တော်တွင် ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကျင်းပနေချိန် တပ်မတော်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အမာခံ Gidon တပ်စခန်းကို ပြင်းထန်သည့် ထိုးစစ်ဆင်မှု ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ယခု နှစ်ကုန်ပိုင်း တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ရှိပြီး ထိုချိန် ဟူးကောင်းဒေသတွင် တိုက်ပွဲကြီး ဖြစ်လာမလား စိုးရိမ်သည့် ပြည်သူများ လည်း ရှိနေပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...