အကြောက်တရားများအောက်တွင် ရှင်သန်နေရသည့် မြေစာပင်များ

အကြောက်တရားများအောက်တွင် ရှင်သန်နေရသည့် မြေစာပင်များ

စအိုင်ဆူး — “ကျမကလေးတွေဆိုရင် လေယာဉ်သံမြည်တာနဲ့ တန်းပြေးတော့တာပဲ။ အငယ်ဆုံးက ၅နှစ်ပဲ ရှိသေး တယ်။ သူက လေယာဉ်သံကြားပြီးဆိုရင် အမေရေ လေယာဉ်လေယာဉ် ပြေးပြေးဆိုပြီး သူလည်း ပြေး ရော။ ပြန်လာပြန်လာဆိုပြီး ပြန်ပြန်ခေါ်ရတယ်။ မခေါ်ရင် အဝေးကြီးတွေ လိုက်ပြေးတော့တာ”ဟု လေကြောင်း တိုက်ခိုက်မှု၏ အနိဋ္ဌာရုံကို ကိုယ်တွေ့ကြုံခဲ့ရသူ ကလေး ၅ ယောက် မိခင်နော်ရှီးလေ ဖောက ပြောသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က နော်ရှီးလေဖော နေထိုင်ရာ ရွာကလေးကို စစ်ကောင်စီ တိုက်လေယာဉ် နှစ်စင်းက ထင်မှတ်မထားသည့် အချိန်တွင် သဲကြီးမဲကြီး ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များအပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် အပြစ်မဲ့ဒေသခံ အရပ်သား ၅ ဦး နေရာတွင်း ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ် နှစ်စင်းက နော်ရှီးလေဖော နေထိုင်ရာ ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ တပ်မဟာ (၅)၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ လေးဝါးကျေးရွာအတွင်းကို လက်နက်ကြီးကျည် ၄ လုံးခန့် ပစ်ချခဲ့သောကြောင့် လူနေအိမ်အဆောက်အဦးများအပါအဝင် စာသင် ကျောင်းဆောင် နှင့် ခရစ်ယာန်ဘာသာရေး အဆောက်အဦး ၂ လုံးလည်း ကြေမွပျက်စီးသွားခဲ့သည်။

“အဲ့နေ့က ကျမတို့ စပါးထောင်းပြီးတော့ အိမ်ပေါ်မှာ ပြန်နားနေကြတာ။ အမျိုးသားက ကျောင်း ကော်မတီဝင်ဆိုတော့ သူကျောင်းအစည်းအဝေးသွားတက်ပြီးပြန်လာတော့ ကျောင်းသွားဆောက်ရ မယ်ဆိုပြီး ထွက်သွားတယ်။ အဲ့မှာ လေယာဉ်တစ်စင်းအသံကြားလိုက်တာ နဲ့ မကြာဘူး ပစ်ချတော့ တာပဲ။ အဲ့အချိန်မှာ ပြေးဖို့သတိမရသေးဘူး။ အိမ်အောက်မှာ ခဏဝပ်ပြီး စောင့်ကြည့်နေ လိုက်သေး တယ်။ အဲ့ဒါနဲ့ သတိပြန်ဝင်လာလို့ အိမ်ကနေ ပြေးတာနဲ့ မကြာဘူး လွတ်ရုံပဲရှိသေးတယ် အိမ်ရှေ့ တည့် တည့်မှာ တစ်လုံးကျသွားတယ်။” ဟု နော်ရှီးလေဖောက ထိုနေ့က အဖြစ်အပျက်အချို့ကို ပြန်ပြောင်း ပြောပြသည်။

အဆိုပါ တိုက်လေယာဉ်နှစ်စင်းပစ်ခတ်မှုအပြီး ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်၊ ခရစ်ယာန် ဘာသာရေးအဆောက်အဦးနှစ်ခုနှင့် လူနေအိမ်တချို့အနီးတွင် သေဆုံးသွားသည့် အရပ်သား ၅ ဦး၏ အလောင်းများကို ရုပ်ပျက်ဆင်းပျက် တွေ့ရှိခဲ့ရပြီး အဆိုပါ ၅ ဦးအနက် တစ်ဦးမှာ လေးဝါးကျေးရွာ၏ ကျောင်းကော်မတီဝင်တစ်ဦးလည်းဖြစ် ကလေး (၅) ဦးမိခင် နော်ရှီးလေဖော၏ အမျိုးသားလည်း ပါဝင် ခဲ့သည်။

“ကျမ ကလေးကမေးတယ် သူ့အဖေရောတဲ့။ အဲ့ဒါနဲ့ ကျမပြန်ပြောလိုက်တယ်။ နင့်အဖေကိုတော့ မေးစရာမလိုဘူးလို့။ ခန့်မှန်းလို့ရပြီးလေ။ သူက အဲ့တုန်းက ကျောင်းမှာရှိခဲ့တာဆိုတော့။ အဲ့မှာ လေယာဉ် ပစ်ပြီးတော့ ရွာထဲကို မပြန်ရဲသေးဘူး။ ရှောင်နေရတဲ့အချိန်မှာပဲ ရွာကလူတွေနဲ့ တွေ့တော့ သူတို့က ပြောတယ်၊ နင့်ကလေး အဖေထိသွားတယ်တဲ့။ အဲ့ဒါနဲ့ ကျမလည်း သွားပြန်ကြည့်တော့ ဘာမှ မတတ်နိုင် တော့ဘူး။ စိတ်လည်းအတော်လေး ထိခိုက်ခဲ့ရတယ်” ဟု မျက်ရည်မကျအောင် ထိန်းရင်းအမျိုးသားကို ဆုံးရှုံးလိုက်ရသည့် အဖြစ်အပျက်မြင်ကွင်းကို နော်ရှီးလေဖော ပြောပြရှာသည်။

သူ့အမျိုးသား သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုသည် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် ပထမဦးဆုံးအကြိမ် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ စစ်အာဏာသိမ်းမှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်တပ်နှင့် တကျော့ပြန် တိုက်ပွဲ များပိုမိုပြင်းထန်လာခဲ့သည့် နောက်ဆက်တွဲဖြစ်ရပ်များပင်ဖြစ်သည်။

မြေပြင် တိုက်ပွဲများတွင် KNU ဘက်မှ စစ်ကောင်စီ၏ အရေးပါသည့် အခြေစိုက်ရှေ့တန်းနယ်မြေ စခန်းတချို့ကို တိုက်ခိုက်သိမ်းယူမှုများ ပြုလုပ်ခဲ့သလို ကျန်ရှေ့တန်းစခန်းတချို့ကိုလည်း ရိက္ခာ ပေးပို့သည့် လမ်းကြောင်းများကို ဖြတ်တောက်မှုများပြုလုပ်ခဲ့သောကြောင့် စစ်ကောင်စီဘက်မှ လေကြောင်း စစ်ဆင်ရေးများဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။

မြေပြင်တွင် စစ်ရေးအရ အရေးနိမ့်နေပြီး စခန်းတချို့ကို လက်လွတ်ဆုံးရှုံးလိုက်ရတာကြောင့် စစ် ကောင်စီ၏လေကြောင်း တုန့်ပြန်တိုက်ခိုက်မှုသည် အာဏာသိမ်းပြီးချိန်မှစ၍ တဖြည်းဖြည်း ပြင်းထန် လာခဲ့ကာ ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၃ ခုနှစ်ဆန်းပိုင်းအထိ လေကြောင်း တိုက်ခိုက်မှု ၈၁ ကြိမ်ပြု လုပ်ခဲ့ကြောင်း KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

“စစ်ကောင်စီက မြို့မှာလည်း သူတို့ လုံခြုံရေးအတွက် အတော်လေးလိုအပ်ချက်ရှိလာ တဲ့အပေါ်မှာ အရင်လို စစ်ကြောင်းဖွဲ့ပြီး ကျနော်တို့ဆီလာတိုက်ဖို့က အင်အား မလုံလောက်တဲ့အတွက် သူတို့က လေကြောင်းကို ပိုအားထားလာပြီးတော့ အရပ်သားတွေ နေထိုင်တဲ့ရွာနေရာတွေကို လာပစ်ပြီး လေကြောင်း အရေးသာမှုကို ရယူတာပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ က ဆိုသည်။

ထိုသို့ အရပ်သားများကို ပစ်ခတ်မှတ်ထား တိုက်ခိုက်သည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ပိုမို ပြုလုပ်လာခြင်းကြောင့် ဌာနေ ပြည်သူလူထုများအနေဖြင့် လက်ရှိတွင် ကျေးရွာများတွင် နေထိုင် ရဲကြခြင်း မရှိကြတော့ဘဲ ဘေးလွတ်ရာ တောတောင်နယ်မြေများအတွင် ယာယီထွက်ပြေး ခိုလှုံ နေကြရကာ ကျေးရွာအများစုမှာ လူသူကင်းမဲ့နေ၍ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေသည်။

စစ်ကောင်စီအနေဖြင့်လည်း အဆိုပါ ဒေသတွင် နေ့စဉ် နီးပါး ကင်းထောက်လေယာဉ်များ အသုံးပြု၍ ထောက်လှမ်းမှုများ ပြုလုပ်နေသလို တိုက်လေယာဉ်များဖြင့်လည်း လာရောက် ခြိမ်းခြောက်ပျံသန်းမှုများ နေ့စဉ်နီးပါး ပြုလုပ်ခြင်းကြောင့် လေကြောင်း တိုက်ခိုက်မှုကို ကိုယ်တွေ့ ကြုံခဲ့ရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေကြရသည်။

“တချို့ဆိုရင် လေယာဉ်သံကြားတယ်ဆိုရင်ပဲ စိတ်တွေက ဂနာမငြိမ်တော့ဘူး။ ပြေးဖို့ပဲ အာရုံရှိ တော့တယ်။ မပြေးဖို့သွားတားတာမျိုးလုပ်ရင် လူက ကယောင်ချောက်ချားဖြစ်နေတာ။ လေယာဉ်က နေ့တိုင်းလာပစ်တာမျိုး မလုပ်တာတောင် ညဘက်ဆိုရင် ဒရုန်းယာဉ်တွေနဲ့ အရပ်သားတွေ နေတဲ့နေရာ တွေကို လာပြီး ထောက်လှမ်းတာတွေလုပ်တယ်။ အဲ့တော့ ရွာသားတွေမှာ ညဘက်အိပ်ရင်လည်း စိတ်က မလုံခြုံဘူး။ တခါတလေ လေတိုက်သံ ကြားရင်တောင် လေယာဉ်သံနဲ့ စိတ်ထင်မှားပြီး ကြောက်နေရတာ” ဟု လေးဝါးဒေသခံ စောဆာဝါးက ၎င်း၏ ပတ်ဝန်းကျင် အတွေ့အကြုံကို ပြောပြသည်။

ထို့အပြင် လေကြောင်း တိုက်ခိုက်မှုကို ကိုယ်တွေ့ကြုံခဲ့ရသူများအနေဖြင့် ၎င်းတို့ နေထိုင်ရာ နေရာများ တွင် လုံခြုံမှုမရှိတော့လောက်အောင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားနေကြရပြီး တခါတရံ ကားစက် သံများ၊ လေတိုက်သံများနှင့် တောတွင်းပိုးကောင်တချို့၏ ပျံသန်းသွားလာလှုပ်ရှားမှု ဆူညံသံများကိုပင်

လေယာဉ်သံများဖြင့် မှားယွင်းထင်မှတ်ကြပြီး ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်တတ်ကြကြောင်းလည်း ဒေသခံများက ဆိုသည်။

ယင်းသို့ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်ရခြင်းမှာလည်း အဆိုပါ ဒေသတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လက်ရှိကာလအထိ အရပ်သား ၃၉ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၃ ဦးအထိရှိနေသည့်အပြင် လူနေအိမ်အဆောက်အဦး အပါအဝင် အဆောက်အဦးပေါင်း (၃၂၂)လုံး ထိခိုက် ပျက်စီးသွားခဲ့ကြောင်း KNU တပ်မဟာ(၅)ဘက်က ပြုစုထားသည့် စာရင်းအရ သိရသည်။

“စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် အဓိက ထိခိုက်ခံရတာက အရပ်သားတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေအများဆုံးပဲ။ ပြီးတော့ ထိခိုက်သေဆုံးမှု အများ စုက အရပ်သားတွေပဲ။ ဘာဖြစ်လဲဆိုတော့ လက်နက်ကိုင်တွေက ရွာထဲမှာနေကြတာမှ မဟုတ်တာ။ တောထဲမှာပဲနေကြတာ။ ရွာထဲကိုလာပစ်တော့ ရွာသားတွေပဲ ထိတာပေါ့။” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။

အရပ်သားများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် မူတြော် (ဖာပွန်)ခရိုင် ဒေသတစ်ခုလုံးနီးပါးရှိ ဒေသခံများအနေဖြင့် မလုံခြုံမှုအခြေအနေများဖြင့် ရှင်သန် နေထိုင်ကြရပြီး နေအိမ်များကို လက်နက်ကြီးကျည်များ ထိမှန်သွားခြင်းကြောင့် ဘဝပျက်စီးခဲ့ရသူများ လည်း ရှိသည်။

အသက် (၇၀) နီးပါးအရွယ်ရှိ အဖွားအို နော်မို့ဝါးတို့ နေထိုင်ရာ ထီးလယ်ပလန်ကျေးရွာရှိ မိသားစု နေအိမ်လည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် နေအိမ်တစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရပြီး ၎င်းအနေဖြင့်လည်း တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေသောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း စိတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သူမ၏ ပြောစကားအရ သိနိုင်သည်။

အဖွားနော်မို့ဝါးက “လာပစ်တဲ့ အချိန်တုန်းက အဖွားတို့ လင်မယားက တောထဲမှာ။ အခုလည်း နေ့တိုင်း လိုလို လေယာဉ်လာနေတာ။ ပြောရရင်လေယာဉ်အသံကြားပြီး ဆိုတာနဲ့ နှလုံးတွေတုန်ကော။ လာပစ်တဲ့ ညတုန်းကဆိုရင် ကိုယ့်ကိုယ်ကို ငှက်ဖျားတက်တယ်လို့တောင် ထင်ရတယ်။ တစ်ကိုယ်လုံး တုန်နေရော။ ကြောက်အောင်လုပ်တော့ အခုအချိန်ထိ ကြောက်ကျန်ခဲ့တယ်။” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကြာ ပစ်ခတ်သံများ ရပ်စဲထားသည့် KNU ထိန်းချုပ်နယ်မြေများတွင် စစ်မီးတဖန် ပြန်လည်တောက်လောင်လာပြီး စစ်ကောင်စီနှင့် နှစ်ဖက်တိုက် ပွဲကြီးငယ် နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။ ကေအဲန်ယူ၏ မှတ်တမ်းများအရ တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲ ဖြစ်ပွားမှုအကြိမ်ရေ အများဆုံးဟုဆိုနိုင်သလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကိုလည်း အဆိုးရွားဆုံး ကြုံတွေ့ ရသည့် နယ်မြေလည်း ဖြစ်လာခဲ့သည်။

အဆိုပါ လေကြောင်း ရန်နှင့် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့်လည်း ဒေသတွင်း နေထိုင်သူ အရပ် သားပြည်သူများအနေဖြင့် နီးစပ်ရာ ဒုက္ခသည်စခန်းများရှိရာသို့ ရွှေ့ပြောင်းကြသူများလည်းရှိသလို မလုံခြုံမှုအခြေအနေအောက်တွင်လည်း ပုံစံမျိုးစုံဖြင့် ရှင်သန်ရပ်တည်နေကြရသူများလည်း ရှိနေသည်။

ထိုအခြေအနေများကြောင့်လည်း အမျိုးသားကို ဆုံးရှုံးခဲ့ရသူ နော်ရှီးလေဖောအနေဖြင့် အရွယ်မရောက် သေးသည့်ကလေး (၅) ဦးဖြင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် စိန်ခေါ်မှုများရှိလာသလို ကလေးငယ် များ၏ ဘဝနှင့် အနာဂတ်အတွက်လည်း ရင်လေးမိကြောင်း နော်ရှီးလေဖောက ဆိုသည်။

“အကြီးဆုံးက ၁၃ နှစ်၊ သူ့အောက်က တစ်ယောက်က ၁၁ နှစ်၊ ၃ ယောက်မြောက်က ၉ နှစ်၊ နောက်တစ် ယောက်က ၇ နှစ် နဲ့ အငယ်ဆုံးက ၅ နှစ်ပဲရှိသေးတယ်။ သူတို့ အဖေမရှိတော့ နောက်ပိုင်း ကျမတို့မှာ လည်း ဘာမှ အလုပ်က မယ်မယ်ရရရှိတာမဟုတ်ဘူး။ တကယ်ဒုက္ခအကြီးကြီးကို ကြုံနေရတယ်။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ။ သူများတွေ ရှင်သန်နိုင်သလို ကျမတို့လည်း ရှင်သန်နိုင်မယ်ထင်တာပဲ” ဟု မိမိကိုယ်ကို နှစ်သိမ့်အားပေးရင်း ပြောသည်။

ဖခင် ဆုံးရှုံးလိုက်ရသည်ကို အရွယ်ရောက်နှင့်ပြီးသား အကြီးဆုံးသားနှစ်ဦးက နားလည် သိရှိသော်လည်း ကျန်အရွယ် မရောက်သေးသည့် နော်ရှီးလေဖော၏ သားသမီးငယ်များမှာ ရံဖန်ရံခါ ဖခင်ကို မေးတတ် လေ့ ရှိသော်လည်း သူမအနေဖြင့် ၎င်းတို့၏ ဖခင်အဝေးတစ်နေရာ ရောက်နေကြောင်း လိမ်ပြောရသည့် အခိုက်အတန့်များလည်း ကြုံတွေ့ခဲ့ရကြောင်း ရင်နင့်စွာဖြင့် ပြောပြသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုပြိုကွဲခဲ့ရသလို အမျိုးသားနှင့် ဖခင်ကို ဆုံးရှုံး လိုက်ရသည့် သူမနှင့် သူမ၏ ကလေးငယ်များ၏ စိတ်ဒဏ်ရာအပြင် လေကြောင်းရန်ကို ကြောက်နေရ သည့် စိတ်မလုံခြုံမှုကိုပါ ခံစားလိုက်ရသောကြောင့် သူမအနေဖြင့် အနာဂတ်မှာ အေးအေး ချမ်းချမ်းနေ လိုကြောင်း ယခုလိုပဲ ဆန္ဒပြုပြောဆိုခဲ့သည်။

“ကျမတို့ အသက်ရှင်နေသေးသရွေ့တော့ လုပ်စားကိုင်စားရအုံးမှာပဲ။ အခုညဘက်ဆိုရင်လည်း ဒရုန်းယာဉ်သေးသေးလေးတွေနဲ့ ကျမတို့နေတဲ့ နေရာနဲ့ နိမ့်နိမ့်လေး လာလာပျံနေတာ။ ကြောက်ရ တာပေါ့။ ဒါပေမဲ့လည်း အနာဂတ်မှာတော့ အေးအေးချမ်းချမ်းလေးပဲ နေချင်တော့တယ်။” ဟု နော်ရှီးလေဖောက ပြောဆိုသွားခဲ့သည်။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...