သင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်သူတို့က ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ဒီရေပင် ၁,၅၀၀ ကျော်ကို ဧပြီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဒီရေတောကာကွယ် ထိန်းသိမ်းကာကွယ်ရန်အတွက် ပနံပင်၊ ရေအုန်းပင်၊ ပြူးဝိုင်းပင်များကို အမ်းမြို့နယ် ဆနွင်းကျွန်း၊ မြုံအုန်းကျွန်းနှင့် ကျားအိုးချောင်းတို့တွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ဒီရေပင်စိုက်ပျိုးရေး ဦးဆောင်သူ အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
“အဓိကတော့ ဒီရေတောတွေ ပြုန်းတီးနေတဲ့ နေရာတွေကို စိုက်ပျိုးခဲ့ကြတာပါ၊ ကျနော်တို့ စိုက်ပျိုးခဲ့တဲ့ ဆနွင်းကျွန်းမှာဆိုရင် သဲတွေ၊ ကျောက်တွေ ထုတ်ယူမှုတွေကြောင့် ဒီရေတောတွေ ပျက်စီးမယ့် အနေ အထား ကိုလည်း တွေ့ရတယ်။ ဒါတွေကို ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့၊ သင်္ကြန်ကာလ အထိမ်းအမှတ်ဖြစ် စိုက်ပျိုးတာပါ”ဟု ကိုမျိုးလွင်က ပြောသည်။
ယခင်က ဒီရေတောများကို ထင်းရရှိရေးအတွက်သာ ခုတ်လှဲခဲ့ကြသော်လည်း ယခုအခါ မီးသွေးဖုတ်ရန်၊ အုတ်ဖုတ်ရန်အတွက် စီးပွားဖြစ် စက်လှေကြီးများဖြင့် နေစဉ်နှင့်အမျှ ခုတ်ယူနေကြောင်းလည်း ဒေသခံများကဆိုသည်။
ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံနှင့် ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ဒီရေတောများ တစ်နှစ်ထက်တစ်နှစ် ပြုန်းတီးလာနေပြီး သက်ဆိုင်ရာဌာနအနေဖြင့် အရေးယူမှု မရှိသည့်အပြင် အစားထိုး စိုက်ပျိုးမှုများလည်း နည်းပါးလာကြောင်း ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူတို့က ဆိုသည်။
“ကျနော်တို့ဘက်မှာ ဒီရေတောက ပြုန်းတီးလာတယ်ဆိုတာထက် ပျောက်ကွယ်သွားပြီလို့ ပြောလို့ရပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပြုန်းတီးသွားပြီ။ ၃၀ ရာခိုင်နှုန်းက ဒီရေတောအဖြစ် ကျန်နေခဲ့တယ်။ ဒါပေမယ့် ၅ ရာခိုင်နှုန်း လောက်က ၅ နှစ်အောက် အပင်လေးတွေ ဖြစ်တယ်။ ဒီရေတောတွေဟာ ထိန်းသိမ်းတာထက် ပျက်စီးတာက ပိုများနေတယ်”ဟု ကိုမျိုးလွင်က ပြောသည်။
ထို့အတူ ဒီရေတောဧရိယာများကို ငါးသယံဇာတမွေးမြူရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲသတ်မှတ်ခြင်း စသည့် စီးပွားရေးလုပ်ငန်းများကြောင့်လည်း ဒီရေတောများမှာ တဖြည်းဖြည်း ပြုန်းတီးလာနေသည်။
“ဒီရေတောတွေ ပြုန်းတီးလာတာက ထင်း၊ မီးသွေးအဖြစ် လောင်စာအသုံးပြုဖို့ ခုတ်ယူကြတာတွေနဲ့ အဓိက ဆိုင်ပါတယ်။ နောက်တစ်ခုက ဆောက်လုပ်ရေးမှာ သစ်အဖြစ် အသုံးပြုဖို့ ခိုးပြီးထုတ်ယူကြတဲ့အတွက် ရခိုင်မှာ ဒီရေတောတွေ ပြုန်းတီလာတာလို့ ပြောလို့ရပါတယ်”ဟု ဝန်ဖိုက်ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝန်ဖိုက်ဒီရေတောသည် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ရှိပြီး ဧက ၁၅၀၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် သစ်ခိုးထုတ်မှုနှင့် ထင်း၊မီးသွေးအတွက် ခုတ်ယူမှုများကြောင့် သစ်တော၏ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျက်စီးစပြုနေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ ဒီရေတော ဧက စုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တောခရိုင်တွင် ၅,၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇,၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈,၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃,၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃,၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။







