လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော နေရာသည် လားရှိုးမြို့ ရန်တိုင်းအောင် ဗဟိုမဏ္ဍပ် အနီးရှိ ကားပါကင်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄) ဦး အထက်ရှိကာ ထိုထဲမှ ၃ ဦး သည် ရုပ်ပျက်ဆင်းပျက်နေကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူ (၁၀) ဦး အထက်ရှိကြောင်း ကူညီကယ်ဆယ်ရေး ပါဝင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သေဆုံးသူ (၄) ဦး ထဲက ၃ ဦးကတော့ ရုပ်တော်တော် ပျက်သွားတယ်။ ဘယ်သူမှန်းတောင် ခန့်မှန်းလို့ မရဘူး။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၀ ဦး ရှိတယ်။ ဒီထက်လည်း များနိုင်တယ်” ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။

ယနေ့ ပေါက်ကွဲသည့် နေရာသည် စစ်ကောင်စီ မှ ဦးစီးပြုလုပ်သည့် ဗဟိုမဏ္ဍပ်ဖြစ်ပြီး ယနေ့ (ဧပြီ ၁၃) ရက် သင်္ကြန် အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲပြုလုပ်ရန် စီစဥ်ထားကြောင်း သိရသည်။

“ မဏ္ဍပ်ထဲ ပေါက်ကွဲတာ မဟုတ်လို့ တော်သေးတယ်။ အဲ့ထဲဆိုရင် လူတော်တော် သေမှာ။ ကျနော်တို့ အိမ်တောင် တုန်ခါသွားတယ်။ အခု မဏ္ဍပ် အဝင်၊ အထွက် ပိတ်လိုက်ပြီ၊ အထဲက လူလည်း အပြင်ထွက်လာလို့ မရသေးဘူး။ အပြင်က ကျနော်တို့လည်း သွားကြည့်လို့မရဘူး” ဟု လားရှိုးမြို့ အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရသည့်အပြင် ကား၊ ဆိုင်ကယ် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိကြောင်း၊ လက်ရှိမှာ စစ်ကောင်စီ တပ်ဖွဲ့မှ လုံခြုံရေး စစ်ဆေးရေး တင်းကြပ်ထားကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပသည့် ရေကစား မဏ္ဍပ်များတွင် သွားရောက် ဆော့ကစားခြင်း၊ ပါဝင်ပတ်သက်ခြင်း မရှိရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စာထုတ် ပြန်ခဲ့သေးသည်။

လက်ရှိ ဗုံးပေါက်ကွဲသော ကိစ္စသည် မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...