ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးရွာမှာ စစ်ကောင်စီတပ်က ပေါင်၅၀၀ ဗုံးသီးတစ်လုံးကြဲချခဲ့

ဖယ်ခုံ-ပင်လောင်းနယ်စပ် တောင်စလုံးရွာမှာ စစ်ကောင်စီတပ်က ပေါင်၅၀၀ ဗုံးသီးတစ်လုံးကြဲချခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု တောင်စလုံးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဧပြီလ (၄)ရက်နေ့ ည ၉နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်၅၀၀ အလေးချိန်ရှိတဲ့ ဗုံးတစ်လုံး ကြဲခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဧပြီ ၄ရက်နေ့ည ၉နာရီလောက်မှာတောင်မှ တောင်စလုံးရွာမှာ ပေါင် ၅၀၀ဗုံးသီးနဲ့ လာချသွားတာပေါ့။ ညကိုးနာရီအချိန်က။ စစ်ဖြစ်တဲ့ ဇုန် မဟုတ်ပဲနဲ့ ကျေးရွာထဲပေါ့နော။ ကျေးရွာထဲကို နေအိမ်ပျက်စီးစေချင်တဲ့ သဘောမျိုး ပြောလို့ရတယ်။ မဆီမဆိုင် ရွာထဲမှာ သူတို့ ဗုံးကြဲတယ်ပေါ့နော။ လူထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် အိမ်တော့ ပျက်စီးတယ်ဗျ။ သူ ချထားတာတော့ အိမ်နားကျတော့ တိုက်နှစ်ထပ်အိမ်တွေရော ပြီးတော့ ပျဉ်ပြားနဲ့ အိမ်တွေပေါ့ အကုန်လုံး ကြေမွသွားတယ်။ “ လို့ မိုးဗြဲPDF တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ် နယ်စပ်ဖက်မှာ ဖေဖော်ဝါရီလ ၂၄ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒီကနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှုတွေရှိသလို စစ်ကောင်စီတပ်ကနေ သာလွန် လက်နက်ကြီးပစ်ကူ ၊ လေကြောင်းပစ်ကူတွေကို ဆက်တိုက်အသုံးပြုနေတယ်လို့ မိုးဗြဲPDF တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲရက်ရှည်ကြာလာတာနဲ့အမျှ စစ်ကောင်စီဖက် အင်အားဖြည့်တင်းမှုတွေလည်း ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

“ သူတို့တွေကတော့ အမြဲတမ်းတော့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေပြန်ထိုးလာတာ လက်နက်အင်အား၊ လူအင်အားဖြည့်တင်းမှုတွေတော့ အမြဲတမ်းရှိနေတယ်။ တခြားပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး တခြားစစ်အင်အားထိုးလာတာတွေ စစ်ကြောင်းထိုးလာတာတွေ အမြဲတမ်း လုပ်ပါတယ်။ အမြဲတမ်းလိုလို သူတို့အနေနဲ့ ည ၁၀၊ ၁၁ကနေပြီးတော့ ၄နာရီ တို့ဆို သူတို့အနေနဲ့ စစ်ကားတွေနဲ့ အမြဲတမ်းလို အင်အားဖြည့်တင်းမှုတွေရှိပါတယ်။ “ လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF(KK) သတင်းပြန်ကြားရေးတာဝန်ရှိသူ ဘင်ဂျမင်က ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ ဖယ်ခုံPDF၊ မိုးဗြဲPDF၊ ဒီးမော့ဆိုPDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDFKK) ၊ KA၊ KNDF၊ SSRY နဲ့ တခြားမဟာမိတ်ပူးပေါင်းတပ် တို့ ပါဝင်တိုက်ခိုက်နေတယ်တို့ သိရပါတယ်။ ပြည်သူလူထုအနေနဲ့ နိုင်ရာမှာ ပါဝင်ကူညီကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...