မန္တလေးတွင် အမျိုးသား ၂ ဦး အသတ်ခံရ

မန္တလေးတွင် အမျိုးသား ၂ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ အောင်မြေသာစံ မြို့နယ်တွင် သွေးသောက်အဖွဲ့ လည်ဆွဲကတ်နှင့်အတူ သတ်ဖြတ်ခံထားရသော အမျိုးသား ရုပ်အလောင်း နှစ်လောင်းကို ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရာအိမ်မှူးနှစ်ဦး အသတ်ခံခဲ့ရသည့် နေရာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“သူတို့တည်နေရာ အညွှန်းအရဆိုရင် ရာအိမ်မှူး နှစ်ယောက် အသတ်ခံရတဲ့ လက်ဖက်ရည်ဆိုင်နဲ့ မလှမ်းမကမ်း လို့ပြောရမှာပဲ၊ မနေ့က ညဉ့်နက် သန်းခေါင်ကြီး အသံဗလံတွေတော့ ကြားလိုက်တယ်၊ ဒါပေမယ့် ဘယ်သူမှ ထွက်မ ကြည့်ရဲဘူး၊ အခုမနက်ကျမှ အလောင်းနှစ်လောင်းတွေ့လို့ဆိုတာ သိရတာ” ဟု အမည်မဖော်လိုသော မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါအလောင်းနှစ်လောင်းအား၊ မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက် ၈ လမ်းနှင့် ၈၆ လမ်းထောင့်အနီးတွင် ယနေ့နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်အုပ်စု၏ သတင်းရပ်ကွက်တွင် ဖော်ပြ ကြသည်။

အသတ်ခံရသူ နှစ်ဦးသည် အသက် ၅၀ ကျော်အရွယ် အမျိုးသား နှစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်ခံရသူ နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမာခံများဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုနေကြသော်လည်း မဇ္ဈိမအ နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် ၈၆ လမ်း၊ ၈ လမ်းနှင့် ၉ လမ်းကြားတွင် မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက ရာအိမ်မှူးနှစ်ဦး လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေစဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

အလားတူ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ချမ်းမြသာစည်တောင်ရပ်ကွက် စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲဘေးတွင် သတ်ဖြတ်ခံထားရသော အမျိုးသား ရုပ်အလောင်းတစ်လောင်းကို သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားနှင့်အတူ တွေ့ရှိခဲ့သေးသည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...