မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

သင်္ကြန်ပွဲတော်တွင် ပါ၀င်ဆင်နွှဲမည့်၊ ဌာနဆိုင်ရာနှင့် နာမည်ရစီးပွားရေးလုပ်ငန်းများ၏ ရေကစား မဏ္ဍပ်များ၊ မန္တလေးကျုံးဘေးတွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

“အရှေ့ကျုံးနဲ့ တောင်ကျုံးမှာ စဆောက်နေပြီ။ လောလောဆယ် မဏ္ဍပ်ရှစ်ခုလောက်ရှိမယ် ထင်တယ်။ ကျုံးအရှေ့ဘက်မှာက ဌာနဆိုင်ရာမဏ္ဍပ်တွေ အရင်ကလည်း လုပ်ရတယ်။ တောင်ကျုံးမှာ Alpine ဆောက်နေကျနေရာမှာ တစ်ခု၊ အဲဒီအနောက်ဘက်တစ်လျှောက်ကို စည်ပင်မဏ္ဍပ်မရောက်ခင်အထိကို နှစ်ခု၊ စည်ပင်မဏ္ဍပ်အလွန်မှာ နှစ်ခု အားလုံးပေါင်းရှစ်ခုလောက်ရှိမယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ဧပြီလ ၁ ရက်နေ့ကစ၍ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင် များ၏ မဏ္ဍပ်များဖြစ်သည်ကိုမူ မသိရသေးပေ။

“မဏ္ဍပ်ဆောက်နေတဲ့နေရာမှာ လက်မှတ်ရောင်းတာတွေဘာတွေတော့ မတွေ့ရသေးဘူး။ မဏ္ဍပ်ရုပ်လုံး ပေါ်လာရင်တော့ ဘယ်လိုနေမယ်မသိဘူး၊ ကြားရသလောက်တော့ ဇွတ်လုပ်ခိုင်းလို့ လုပ်နေရတာလို့ လုပ်ငန်းရှင်တချို့ပြောနေသံကြားတယ်” ဟု နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုနှင့်နီးစပ်သည့် မြို့ခံတစ်ဦး ကပြောသည်။

မန္တလေးသင်္ကြန်ပွဲအတွက် ကျုံးဘေးရေကစားမဏ္ဍပ်များအား ယခင် အစိုးရအဆက်ဆက် လက်ထက်က မဲစနစ်ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံ အခွန်အခပေးသွင်းပြီး ဆောက်လုပ်ကြရ ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းခံထားရသည့် ယခုနှစ်တွင်မူ စစ်ကောင်စီက မဏ္ဍပ်ဆောက်လုပ်ခွင့်အား အခမဲ့ပေးခဲ့ သည်။ မဏ္ဍပ်ဆောက်လုပ်ခွင့်အခမဲ့ပေးထားသော်လည်း မြို့လူထုက စိတ်၀င်စားမှု နည်းနေသေးကြောင်း စုံစမ်းသိရပြီး ထို့အတွက်ကြောင့်လည်း နာမည်ရစီးပွားရေးလုပ်ငန်းရှင်များအား မဆောက်မနေရ ဆောက်ခိုင်းထားကြောင်း သတင်းများထွက်ပေါ်နေသည်။

“နာမည်ကြီးလုပ်ငန်းရှင်တွေကို မဏ္ဍပ်ဆောက်မလား၊ ဒဏ်ငွေဆောင်မလားဆိုပြီး ပိုက်ဆံတောင်းတာ တွေရှိတယ်၊ မလုပ်ချင်ဘဲလုပ်နေရတာမို့လို့ နားလည်ပေးကြဖို့ သူတို့ကပြောတယ်ပေါ့နော်။ အဓိကတော့ လူတွေထွက်မလာဖို့ပါပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်အသိုက်အ၀န်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တိုင်းပြည်ပုံမှန်အခြေအနေဖြစ်နေကြောင်း ဝါဒဖြန့်လို၍ ယမန်နှစ်က မန္တလေးသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စေရန် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့သော် လည်း မြို့လူထုက ပူးပေါင်းပါ၀င်ခြင်းမရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

July 4, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းရွာရှိ အရပ်သားဈေးဆိုင်တစ်ဆိုင်ကို စစ်တပ်က ယမန်နေ့ (ဇူလိုင်လ...
ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...