မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီက ငွေကျပ် ၅ ဘီလီယံ အကုန်အကျခံပြီး ပြင်ဆင်ထား

မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီက ငွေကျပ် ၅ ဘီလီယံ အကုန်အကျခံပြီး ပြင်ဆင်ထား
ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ဝင်ရောက်လာသော မွတ်ဆလင်များကို ယခင်နှစ်များက တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း
ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ဝင်ရောက်လာသော မွတ်ဆလင်များကို ယခင်နှစ်များက တွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် မြန်မာကျပ်ငွေ ၅ ဘီလီယံ အကုန်ကျခံပြီး စစ်ကောင်စီက ပြင်ဆင်ထားကြောင်း သိရသည်။

လက်ရှိ စီစဉ်ဆောင်ရွက်နေသည့် Pilot Project (ရှေ့ပြေးစမ်းသပ်စီမံကိန်း) တွင် မွတ်ဆလင်ဦးရေ ၁,၅၀၀ ခန့်ကို ပြန်လည်လက်ခံရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ပြန်ဝင်လာသူများအား မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းတွင် ကနဦး စိစစ်လက်ခံကာ လှဖိုးခေါင်ကြားစခန်းတွင် ၂ လခန့်ကြာ ယာယီထားရန် စီစဉ်နေခြင်းဖြစ်သည်။

“အဲဒီမှာ ခဏထားပြီး မောင်တောမြောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန်လည်လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီအနီးမှာ လယ်ယာမြေတွေလည်း အဆင်သင့်ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းအတွက် ရေတိုရေရှည် ပြန်လည်လုပ်ကိုင်စားသောက်ဖို့ စီစဉ်ထားပါတယ်”ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက မြန်မာ့အလင်းသတင်းစာတွင် ပြောဆိုထားသည်။

စစ်ကောင်စီမှ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် တာဝန်ရှိသူတို့အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေး စခန်းရုံးတွင် မတ်လ ၁၅ ရက်နေ့ကစပြီး မွတ်ဆလင်ဒုက္ခသည် ၁,၅၀၀ ခန့်နှင့်တွေ့ဆုံကာ အချက်အလက်များစစ်ဆေးခဲ့သည်။

ထို့အတူ ပြန်လည်ဝင်ရောက်လာမည့် မွတ်ဆလင်ကိစ္စနှင့် ပတ်သက်ပြီး ပြင်ဆင်ထားမှု အခြေအနေများကို ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံတို့မှ သံတမန်များအား စစ်ကောင်စီက လိုက်လံပြသခဲ့သည်။

“ဦးစားပေးအနေနဲ့ လမ်းတွေ၊ အဆောက်အဦးတွေ ကောင်းမွန်အောင် လျှပ်စစ်မီး၊ ရေရရှိရေး၊ သူတို့နေထိုင်ရေးနဲ့ ပြန်လည် လက်ခံတဲ့အခါမှာလည်း စနစ်တကျ အဆင့်ဆင့် လက်ခံဆောင်ရွက်လျက်ရှိပါတယ်”ဟု ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက သတင်းစာတွင် ပြောဆိုထားသည်။

မွတ်ဆလင် ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက ၅ ဘီလီယံ သုံးစွဲထားသည် ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ကဏ္ဍများတွင် သုံးစွဲနေသည်ကို သိနိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

လက်ရှိမှာ မောင်တောမြို့နယ်မှ မွတ်ဆလင် ပြန်လည်လက်ခံရေး စခန်းများအား အသစ်ပြင်ဆင်မှုများကို မတွေ့ရသေးကြောင်း မောင်တောဒေသခံများက ပြောဆိုကြသည်။

“ငါးခူရဘက်မှာ မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့အတွက် ဆောက်လုပ်ထားတဲ့ စခန်းအဆောင် ၁၀ ကျော် ရှိတယ်။ အခုအထိတော့ သူတို့ဘက်က အဲဒီစခန်းတွေကို အသစ်ပြန်လုပ်ပေးတာတွေကို မတွေ့ရဘူး။ ပြီးခဲ့တဲ့ ၄ လလောက်ကတော့ အဲဒီစခန်းပြိုပျက်နေတာကို အစိုးရက ပြန်ပြင်ဆင်တာကို တွေ့ခဲ့ရပါတယ်”ဟု မောင်တောမြို့နယ်၊ ငါးခူရကျေးရွာသားတစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်များက စစ်ကောင်စီပြင်ဆင်နေသည့် ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး  ၎င်းတို့အား နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အခြားတိုင်းရင်းသားများကဲ့သို့ လွတ်လပ်စွာသွားလာခွင့်၊ အသက်အာမခံချက် တို့ပေးရန် တောင်းဆိုနေကြသည်။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...