ရခိုင်တွင် မြို့နယ် ၁၀ ခုမှ ငါးဖမ်းသမားများကို ငွေကျပ် သိန်းတစ်သောင်းကျော် ထုတ်ချေးပေးသွားမည်

ရခိုင်တွင် မြို့နယ် ၁၀ ခုမှ ငါးဖမ်းသမားများကို ငွေကျပ် သိန်းတစ်သောင်းကျော် ထုတ်ချေးပေးသွားမည်

ရခိုင်ပြည်တွင် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ် ၁၀ ခုမှ ငါးဖမ်းသမားများအား ငွေကျပ် သိန်းတစ်သောင်းကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှ ရေလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုနေကြသည့် ကျေးရွာပေါင်း ၁၈ ရွာကို ချေးငွေထုတ်ပေးသွားမည် ဖြစ်သည်။

ချေးငွေရယူလိုသည့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် သက်ဆိုင်ရာ ကျေးရွာအသီးသီးတွင် ကော်မတီများဖွဲ့ပြီး ထိုကော်မတီမှတစ်ဆင့် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြကာ ချေးယူနိုင်သည်ဟု ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယာယီညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ပြောသည်။

“အဓိကတော့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေမှာ အရင်းအနှီးတစ်ခုရသွားအောင် မတည်ပြီး ထုတ်ချေးပေးတဲ့ သဘောဖြစ်တယ်။ ချေးငွေကတော့ တစ်ရွာနဲ့တစ်ရွာမတူဘူး။ အိမ်ခြေအပေါ်မှာ မူတည်ပြီးတော့ ထုတ်ချေးတယ်။ ဥပမာ- အိမ်ခြေ ၅၀ ရှိတဲ့ရွာဆိုရင် သိန်း ၂၀၀၊  အိမ်ခြေ ၁၀၀ အထက်ဆိုရင် သိန်း ၆၀၀၊ အိမ်ခြေအလိုက် ထုတ်ချေးပေးတယ်”ဟု ဦးထွန်းသိန်းက ပြောသည်။

အဆိုပါချေးငွေကို ပုဇွန်မွေးမြူရေးလုပ်ကိုင်သူ၊ ပင်လယ်ငါးဖမ်းလုပ်ကိုင်သူ၊ တပိုင်တနိုင် ငါးဖမ်းသူများအပြင် ရေလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ကိုင်သူအားလုံးကို ငွေကျပ်တစ်သိန်းကို တစ်လလျှင် အတိုးနှုန်း ၅၀၀ ကျပ်နှင့် ထုတ်ချေးသွားမည်ဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့နယ် ပလ္လင်ပြင်ကျေးရွာရှိ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအတွက် ငွေကျပ်သိန်း ၆၀၀ ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ချေးပေးထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပလ္လင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြစိန်က “ကျနော်တို့ကတော့ ချေးငွေရသွားပြီ။ လုပ်ငန်းအပေါ်မူတည်ပြီးတော့ ပိုက်ဆံရတာလည်း ကွာပါတယ်။ ဒိုင်သမားတွေဆိုရင် အများကြီး ချေးလို့ရတယ်။ လုပ်ငန်းနည်းရင် အနည်းငယ်ပဲရတယ်။ ရွာမှာ ရေလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ကိုင်တဲ့သူတွေအကုန်လုံး ချေးလို့ရတယ်။ ဒီလိုချေးလိုက်တော့ ကျနော်တို့မှာလည်း အရင်းအနှီးတစ်ခု ရသွားတယ်။ အတိုးနှုန်းကလည်း သိပ်မများတော့ အရမ်းအဆင်ပြေပါတယ်”ဟု ပြောသည်။

ထိုသို့ ချေးငွေထုတ်ချေးပေးမှုကို တစ်နှစ်တာအတွက် မဟုတ်ဘဲ ရခိုင်ပြည်ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် လာမည့်နှစ်များတွင်လည်း ထုတ်ချေးပေးရန်လိုအပ်ကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုကြသည်။

“ကျနော်တို့ကတော့ ရေလုပ်ငန်းလုပ်ကိုင်သူတွေအတွက် နှစ်တိုင်း ထုတ်ချေးပေးစေချင်တယ်။ စီးပွားရေးကိုလည်း တိုးချဲ့ပြီးတော့ လုပ်ကိုင်လို့ရတယ်။ ဒေသခံတွေဘက်ကလည်း မှန်မှန်ကန်ကန်နဲ့ တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါတယ်”ဟု ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်သော ရခိုင်ပြည်တွင် နေထိုင်သူများမှာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

ရခိုင်ပြည်အတွင်း မြစ်ချောင်းများကို မှီခိုနေကြသည့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာခြင်း၊ ရေလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ရေလုပ်ငန်းစွန့်ခွာကာ ပြည်ပနိုင်ငံထွက်ခွာခဲ့ကြသလို တချို့မှာလည်း လုပ်ငန်းရပ်နားထားကြရသည်။

Most read this week

စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...