ရခိုင်ဒေသရှိ တောတောင်များတွင်နေထိုင်ကျက်စားသည့် ငှက်မျိုးစိပ်များ မျိုးတုံးပျောက်ကွယ်မှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသည့်အနေဖြင့် ရမ်းဗြဲကျွန်းမှ တောင်တန်း ၂ ခုနှင့် ဒီရေတော ၁ ခုတို့တွင် ငှက်အိမ် အလုံး ၁၂ဝ ကို ချိတ်ဆွဲပေးသွားမည်ဟု သိရသည်။
အဆိုပါငှက်အိမ်လေးများကို ရမ်းဗြဲကျွန်း၊ လေးတောင်မြို့အနီးရှိ ကျောင်းတောင်နှင့် တန်းဖိုခါးတောင်တန်းနှစ်ခုအပါအဝင် မောင်းကျအိုင်အနီးတဝိုက် ဒီရေတောတို့တွင် စတင်ချိတ်ဆွဲသွားမည်ဟု ငှက်အိမ်ချိတ်ဆွဲနိုင်ရေး အကောင်အထည်ဖော်နေသည့် စာရေးဆရာ အောင်ဇေမင်းက နိရဥ္စရာသို့ ပြောသည်။
ရမ်းဗြဲကျွန်းပေါ်ရှိ ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာ၍ ယင်းသို့ ငှက်အိမ်ချိတ်ဆွဲကာ အသိပညာပေးနှိုးဆော်ရန်စိတ်ကူးရသည့်အတွက် အကောင်ထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူက ပြောသည်။
"ငှက်အိမ်ချိတ်ဖို့ စိတ်ကူးရတာက ရမ်းဗြဲကျွန်းပေါ်မှာ ရှိတဲ့ငှက်(၁၀) မျိုးကို မတ်လ (၁၂)ရက်နေ့က ဖေ့စ်ဘုတ်ပေါ်မှာတင်တော့ တချို့ငှက်တွေမျိုးတုန်းပျောက်ကွယ်နေကြပြီလို့ ကွန်မန့်ပေးပြီး ဆွေးနွေးကြပါတယ်။ ချင်းတောင်တန်းတွေပေါ်မှာ ငှက်အိမ်တွေကို ချိတ်ဆွဲနေတဲ့ ကိုဆလိုင်းအောင်မြင့်က ငှက်အိမ်နဲ့နိုးကြားအောင်လုပ်သင့်တယ်လို့ နှိုးဆော်လာရင်းက ဒီငှက်အိမ်ချိတ်ဆွဲဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်"ဟု ပြောသည်။
အဆိုပါငှက်အိမ်များကို ယခုမတ်လ ဒုတိယပတ်ထဲတွင် စတင်တည်ဆောက်နေပြီး လမကုန်ခင်သတ်မှတ် ထားသည့်နေရာ၌ သွားရောက်ချိတ်ဆွဲပေးသွားမည်ဟု သူက ပြောသည်။
"အခုချိတ်ဆွဲမယ့် ငှက်အိမ်တွေမှာ ဘယ်လိုငှက်မျိုးတွေလာနေမယ်ဆိုတာထက် သစ်ပင်ကြီးတစ်ပင်မှာ ငှက်အိမ်တွေဆွဲထားခြင်းအားဖြင့် လူတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ ကျေးငှက်တိရစ္ဆာန်တွေ မျိုးတုန်းပျောက်ကွယ်မှုက ကာကွယ်စောင့်ရှောက်ဖို့အသိပညာပေးတဲ့ သဘောပေါ့" ဟု ပြောသည်။
အဆိုပါငှက်အိမ်အလုံး ၁၂၀ ကို လေးတောင်ဒေသထွက် ဝါးဖြင့် ပုံစံ ၄ မျိုးခန့်ပြုလုပ်နေခြင်းဖြစ်ပြီး ငှက်အိမ်တစ်လုံး၏ တန်ဖိုးမှာ အနည်းဆုံး ကျပ် ၄၀၀၀ စီကုန်ကျကြောင်း သိရသည်။
ကုန်ကျငွေများကို စာရေးဆရာ အောင်ဇေမင်းအပါအဝင် ငှက်အိမ်ငယ်လေးများ ချိတ်ဆွဲနိုင်ရေး စိတ်ပါဝင်စားသူအချို့တို့က ပူးပေါင်းကျခံပေးထားခြင်းဖြစ်သည်ဟုလည်း သိရသည်။
ကျေးငှက်မျိုးစိပ်များ ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာပေးအနေဖြင့် ချင်းတောင်တန်း ပေါ်တွင်လည်း ငှက်အိမ်အလုံး ၄၀၀ ခန့်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကျေးငှက်တိရစ္ဆာန်မျိုးတုံးပျောက်ကွယ်မသွားရေးဆောင်ရွက်နေသည့် ချင်းအမျိုးသား ဆလိုင်းအောင်မြင့်က ချိတ်ဆွဲထားပြီး ရခိုင်တွင် ယခု ငှက်အိမ်ချိတ်ဆွဲရန် ပထမဆုံး ကြိုးပမ်းလာခြင်းဖြစ်သည်။
ရခိုင်ဒေသတွင် နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်မျိုးစိပ်များအပါအဝင် ငှက်များကို ဖမ်းဆီးသတ်ဖြတ်ကာ စျေးကွက်တွင်ရောင်းချမှုများရှိနေ၍ တချို့ရှားပါး ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
ရခိုင်ပြည်ထဲမှ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားသည့် နံ့သာကျွန်းတွင်လည်း ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိပ်တချို့အပါအဝင် ငှက်မျိုးစိပ်ပေါင်း ၅၀ ခန့်ကျက်စား နေထိုင်လျက်ရှိသည်ဟု သိရသည်။
နံ့သာကျွန်းပေါ်ရှိ အဆိုပါငှက်များမှာ မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်ရောင်းချခံရမှုကြောင့် မျိုးတုန်းပျောက်ကွယ်လာပြီး သစ်တောပြုန်းတီးမှုစသည့် ခြိမ်းခြောက်မှု အန္တရာယ်များကို ကြုံတွေ့နေရကြောင်း ရခိုင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးရန်နောင်စိုးက နိရဥ္စရာသို့ ပြောသည်။







