လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၈၀ ကျော် ပျက်စီးသွား

လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်က စစ်ဘေးရှောင်နေအိမ် ၈၀ ကျော် ပျက်စီးသွား

ရခိုင်ပြည်တွင် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့မှ စစ်ဘေးရှောင်နေအိမ် ၈၃ လုံး ပြိုလဲပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင်မြို့ပေါ်ရှိ စေတီတောင် စစ်ဘေးရှောင်စခန်းမှ နေအိမ် ၆ လုံးနှင့် ရသေ့တောင်မြို့နယ် ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းမှ ၅၅ လုံး၊ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ ၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင် စစ်ဘေးရှောင်စခန်းမှ ၅ လုံးနှင့် ဘူတာရုံ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၄ လုံး တို့မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။

စစ်ဘေးရှောင်နေအိမ်များမှာ လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများပွင့်ထွက်သွားခြင်း၊ အိမ်တိုင်များကျိုးသွားခြင်း၊ ယိုင်လဲကာ နေထိုင်၍မရတော့သည့် နေအိမ်များပါဝင်ပြီး ပြန်လည်ဆောက်လုပ်အတွက် အကူအညီများလိုအပ်နေသည်ဟု ရသေ့တောင်မြို့ရှိ စေတီတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစောဝင်းရွှေက ပြောသည်။

“အိမ်တိုင်တွေမခိုင်တော့ အကုန်လုံး ယိမ်းယိုင်လဲသွားတယ်။ မနေ့ကဆိုရင်  အကုန်လုံး အစိုအစွတ်နဲ့နေခဲ့ရတယ်။ မိုးနည်းနည်းပဲ ရွာတာတောင် ဒီလောက်အခက်အခဲဖြစ်ရင် မိုးအများကြီး ထပ်ရွာမယ်ဆိုရင်တော့ သိပ်အအခက်အခဲရှိနိုင်တယ်”ဟု တာဝန်ခံ ဦးစောဝင်းရွှေက ပြောသည်။

ပျက်စီးသွားသည့် နေအိမ်များမှာ ဓနိမိုး၊ ဝါးခင်း၊ သစ်လုံးငယ်တိုင် တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ၄ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သဖြင့် လေပြင်းတိုက်ခတ်သည်နှင့်တပြိုက်နက် အလွယ်တကူ ပြိုလဲပျက်စီးသွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးစစ်ဘေးရှောင်စန်းမှ ဦးညိုဇံအောင်က “အဆောင်တွေ အခြေအနေကတော့ နေလို့ကိုမရတော့ဘူး။ ဒီထက်လည်း ပျက်စီးစရာ မရှိတော့ဘူး။ အစကတည်းကပျက်နေတာ။ အခုဆိုရင် အဆောင်ဆောက်တာ လေးနှစ်ရှိနေပြီ။ အမိုးအကာတွေလည်း ပျက်စီးနေတာ။ အခုတော့ အဝတ်အစားတွေ ထုတ်ပိုးပြီး ဘုန်းကြီးကျောင်းမှာ သွားနေနေရတယ်”ဟု ပြောသည်။

လက်ရှိမှာ နေအိမ်ပျက်စီးသွားသောစစ်ဘေးရှောင်များသည် ပျက်စီးသွားသည့်နေအိမ်များကို ပြုပြင်ကာနေထိုင်နေကြပြီး အချို့မှာလည်း နေအိမ်အဟောင်းမှ သစ်လုံး၊ ဝါးများနှင့် ယာယီတဲအိမ်များဆောက်လုပ်ကာ နေထိုင်နေကြကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိနေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကဏန်းတောင်စစ်ဘေးရှောင်စခန်းမှ ဦးကျော်နိုင်က ပြောသည်။

“အမိုးအကာတွေ ပျက်စီးသွားပါတယ်။ ကျနော်တို့မှာ ထပ်ပြီးဝယ်ဖို့ကလည်း အဆင်မပြေပါဘူး။ အမိုးတွေကို ကြိုးတွေနဲ့ဆွဲပြီး သေချာချည်ထားတာ မဟုတ်တော့ မနေ့က လေပြင်းတိုက်တာမှာ အကုန်လုံးလွင့်ပြီး ပါသွားပါတယ်။ လောလောဆယ်မှာ တာပေါ်လင်စတွေ လိုအပ်နေပါတယ်”ဟု ၎င်းကပြောသည်။

နေအိမ်ပျက်စီးသွားသည့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ မည်သို့စီစဉ်ပေးရန် ရှိ/မရှိကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းကလည်း ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ နေအိမ် ၉၀၀ ကျော် ပျက်စီးသွားခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များမှာ လက်ရှိ တိုက်ပွဲရပ်တန့်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးကြပေ။

စစ်ဘေးရှောင်မှာ စခန်းအတွင်းနေထိုင်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် ဘဘာဝဘေးအန္တရာယ် စသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေကြရသည်။

Most read this week

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...