လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့

လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့

မတ်လ ၂၁ ရက်နေ့သည် လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့ ဖြစ်သည်။ ၁၉၆၀ ခုနှစ် မတ်လ ၂၁ ရက်နေ့၌ တောင်အာဖရိကနိုင်ငံ၊ Transvaal စီရင်စု/ ပြည်နယ်ရှိ  Sharpeville ဟုခေါ်သော လူမည်းများ နေထိုင်ရာ မြို့ ၁ မြို့တွင်  ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေသော လူအုပ်စု တစ်ခု ကို ရဲအရာရှိများက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရာချီသော လူများ ဒဏ်ရာရကာ လူ ၆၉ ဦး အသက် ဆုံးရှုံး ခဲ့ရသည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် ထိုအစုလိုက် အပြုံလိုက် လူသတ်မှုဖြစ်ပေါ်ခဲ့သည့် မတ်လ ၂၁ ရက်နေ့ကို နှစ်စဉ်နှစ်တိုင်း သတိပြုဆင်ခြင်နိုင်ရန်အတွက် လူမျိုးရေးခွဲခြားမှု ပပျောက်ရေး နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် မတ်လ ၂၁ ရက်နေ့ ရောက်တိုင်း ကမ္ဘာ့နိုင်ငံ အတော်များများတွင် ထိုအဖြစ်အပျက်ကို အမှတ်ရကြကြောင်းနှင့် လူမျိုးရေးခွဲခြားမှု ပပျောက်ရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ဟော ပြောပွဲများကို လုပ်ဆောင်လာခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ် ၅၀ ဝန်းကျင် ရှိလာခဲ့ပြီ ဖြစ်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်လာပုံ

၁၉၆၀ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် Sharpeville မြို့ရှိ လူအုပ်စုသည်  Apartheid (အာဖရိကလို ခွဲခြားထားခြင်း ဟု အဓိပ္ပါယ်ရသော) စနစ်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြရင်း အသတ်ခံခဲ့ ကြရခြင်းပင် ဖြစ်သည်။ ထိုစနစ်ကို ၁၉၄၈ ခုနှစ်တွင် လူဖြူလူနည်းစု မဲဆန္ဒရှင်များက ရွေးကောက် တင်မြှောက်ပေးလိုက်သော အမျိုးသား ပါတီ (National Party) က ပြဌာန်း၊ တရားဝင်ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ Apartheid စနစ်အောက်ဝယ် တောင်အာဖရိကရှိ နေထိုင်ကြသူများကို “လူဖြူ/ ဥရောပ လူမျိုး”၊ “ဒေသခံ/ လူမည်းလူမျိုး”၊ “သွေးနှောလူမျိုး”နှင့် “အိန္ဒိယ/အာရှလူမျိုး”ဆိုပြီး လူမျိုး တန်းစား ၄ ခု ခွဲခြားထားသည်။ ထိုအချိန်ခါက အာဖရိကလူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှာ လူဖြူ/ဥရောပလူမျိုးများ ဖြစ်ကြပြီး ထိုသူများမှာ အာဏာနှင့် ချမ်းသာကြွယ်ဝမှုကို လက်ဝယ်ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။ ၈၀ ရာခိုင်နှုန်းသော လူဦးရေမှာ လူမည်းများဖြစ်ကြပြီး နင်းပြားများအဖြစ် ဆက်ဆံခံနေခဲ့ကြရသည်။

Apartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားသည့်) စနစ်အောက်တွင် လူမျိုးရေး ခွဲခြား အဆက် ဆံဆုံး ဥပဒေများမှာ pass laws ဟုခေါ်သော လူမည်းအာဖရိက လူမျိုးများအား အချိန်တိုင်း စိစစ်ရေးကဒ် ကိုင်ဆောင်ခိုင်းထားသည့် ဥပဒေများပင် ဖြစ်သည်။ ထိုဥပဒေများသည် Apartheid စနစ် မတိုင်မီကပင် တည်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း Apartheid စနစ်အောက်တွင်မှု ပိုမိုဆိုးရွား လာခဲ့ သည်။ အစိုးရအနေဖြင့်လည်း တောင်အာဖရိကလူမည်းများ မည်သည့်နေရာတွင် အလုပ် လုပ်ရမည်၊ နေထိုင်ရမည် အစရှိသည့် ကဏ္ဍတို့တွင် pass laws ကို အသုံးပြုကာ ထိမ်းချုပ်ခဲ့သည်။

Apartheid  စနစ်၏ ပဲ့ကိုင်ရှင်များ

Apartheid စနစ်သည် တောင်အာဖရိကနိုင်ငံအတွက် ကိုလိုနီသမိုင်း၏ ဆိုးမွေးခံ အမွေတစ်ခုပင် ဖြစ် သည်။ ကနေဒါနိုင်ငံနှင့် အခြား ကိုလိုနီအပြုခံ ဒေသများမှာကဲ့သို့ပင် ဌာနေတိုင်းရင်းသား အသိုင်း အဝိုင်းများသည် တဖြည်းဖြည်းနှင့် မိမိတို့၏ လယ်ယာမြေများကို သိမ်းယူခံလာခဲ့ကြရသည်။ အမျိုးသားပါတီ (the National Party/NP) အာဏာရလာချိန်တွင် လူဖြူလူနည်းစုသည် တစ်နိုင်ငံလုံး ရှိ လယ်ယာမြေ ၉၂ ရာခိုင်နှုန်းကို လက်ဝယ်ပိုင်ဆိုင်လာခဲ့ကြသည်။

အမျိုးသားပါတီသည် ဒတ်ချ်၊ ဗြိတိသျှ ကိုလိုနီပြုသူများနှင့် ဌာနေတိုင်းရင်းသားများကြား ရာစုနှစ် များစွာ ကြာမြင့်သော ပဋိပက္ခများမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အာဖရိကတွင် လူဖြူ အုပ်စိုးမှု တစ်ခုကို ထူထောင်ရန် ဘုရားသခင်က တာဝန်ပေးထားသည်ဟု ယုံကြည်ကြသော ဒတ်ချ် ကိုလိုနီများ၏ သားမြေးဖြစ်သူ အာဖရိကန်သားများ (Afrikaners)မှ ထိုပါတီကို အဓိက ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အမျိုးသားပါတီအနေဖြင့် ရွေးကောက်တင်မြှောက်ခံရပြီးနောက်တွင် ယခင်ကပင် တည်ရှိထားသည့် ခွဲခြားဆက်ဆံမှုနှင့် လူမျိုးရေးအရ ဖိနှိပ်မှုတို့ကို ပိုမိုခိုင်မာ ရှည်ကြာစေမည့် ဥပဒေများကို အဆော့တလျင် အတည်ပြု ပြဌာန်းခဲ့သည်။

မတ် ၂၁ ရက်၊ Sharpeville မြို့ပေါ်က အဖြစ်အပျက်

နှစ်ပေါင်းများစွာ ကြာရှည်သည့်တိုင်အောင် တောင်အာဖရိကသား အများအပြားသည် pass laws  အပါအဝင် Apartheid စနစ်ထဲက ဥပဒေများကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ ၁၉၆၀ မတ် လတွင် Pan African Congress (PAC) ဟုခေါ်သော အဖွဲ့တစ်ဖွဲ့သည် လူမည်းများနေထိုင်ရာ Sharpeville မြို့တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူများသည် စိစစ်ရေးကဒ်ပြားများ လုံးဝ မကိုင်ဆောင်ဘဲ နယ်မြေရဲစခန်းထိ ချီတက်ပြီး ရဲများလက်ထဲတွင် အဖမ်းခံရန် စီစဉ်ထားခဲ့ကြသည်။

ထိုအစီအစဉ်အတိုင်းပင် မတ်လ ၂၁ ရက်နေ့တွင် ထောင်ပေါင်းများစွာသော တောင်အဖရိကသားများ သည် Sharpeville မြို့ ရဲစခန်းသို့ ချီတက်ခဲ့ကြပြီး စိစစ်ရေးစာအုပ်များ ကိုင်ဆောင်ဖို့ကို ငြင်းဆန်ရင်း ငြိမ်းချမ်းစွာ စုရုံးဆန္ဒထုတ်ဖော်နေခဲ့ကြသည်။ လွတ်မြောက်မှုနှင့် သက်ဆိုင်သော တေးသီးချင်းများ သီဆိုကာ လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုနေခဲ့ကြသည်။ သို့သော်လည်း အချိန်ကြာလာသောအခါ ထိုအနီးတဝိုက်သို့ သံချပ်ကာယာဉ်များ တဖွဲဖွဲရောက်လာပြီး ရဲအင်အားများ တဖြည်းဖြည်း တိုးလာခဲ့ သည်။ စစ်ဘက်သုံး ဂျက်လေယာဉ်များလည်း ဆန္ဒထုတ်ဖော်နေသူများ၏ ခေါင်းထက်တွင် ပျံဝဲလာခဲ့ သည်။ ထိုသို့ရောက်လာပြီး မကြာမီပင် သတိပေးချက် အလျဉ်းမရှိဘဲ လက်နက်ဗလာဖြင့် ငြိမ်းချမ်း စွာ စုဝေးဆန္ဒပြနေသော လူအုပ်ကို ရဲသားများက ပစ်ခတ်မှု စတင်ခဲ့သည်။

ထိုအဖြစ်အပျက်တွင် စုစုပေါင်း လူ ၆၉ ဦး သေဆုံးကာ လူပေါင်း ၁၈၀ ကျော် အနာတရ ဖြစ်ခဲ့ကြ သည်။ လူအများစုမှာ ရုန်းရင့်ဆန်ခတ်မှုမှ လွတ်မြောက်အောင် ထွက်ပြေးစဉ် နောက်ကျောကို ပစ် ခတ်ခံခဲ့ကြရခြင်းပင် ဖြစ်သည်။ ထိုဖြစ်စဉ် ဖြစ်ပြီးနောက် ထွက်လာသောအစီရင်ခံစာ တစ်စောင်ထဲ တွင် ထိုနေ့က ရဲတပ်ဖွဲ့ဝင်များသည် ကျည်ဆံ ၇၀၀ ကျော်ကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။ လူစုကွဲသွားချိန်တွင် ရဲများက သေဆုံးသွားကြသူများ၏ လက်ထဲတွင် သေနတ်များနှင့် ဓါးများကို သွား ထည့်ကြပြီး ဆန္ဒပြသူများအား လက်နက်ကိုင်၊ အကြမ်းဖက်သည့်ဟန် ပုံပေါ်အောင် အကွက်ဆင်ခဲ့ သည်ဟု မျက်မြင် သက်သေ တချို့က ဖွင့်ဟခဲ့ကြသည်။ အသက်ရှင်သော်လည်း ထွက်မပြေးနိုင်သူ များကိုပင် ရဲတပ်ဖွဲ့ဝင်များက လှောင်ပြောင်ရယ်မောခဲ့ကြသည်ဟု တချို့က ဆိုကြသည်။ ဒဏ်ရာ ရထား၍ ထွက်မပြေးနိုင်ဘဲ မြေကြီးပေါ် လဲနေကြသူများကိုပင် ရဲတပ်ဖွဲ့ဝင်များက သေအောင် ထပ်သတ်ခဲ့ကြောင်း တချို့က အခိုင်အမာ ပြောဆိုကြသည်။ ထို့နောက်မှ လူနာတင် ယာဉ်များ ရောက်လာပြီး သေဆုံး၊ ဒဏ်ရာ ရသူများကို ဆေးရုံသို့ ယူဆောင်သွားခဲ့ကြသည်။ သို့သော်လည်း ရဲများက ဆေးရုံထိ လိုက်သွားပြီး ဒဏ်ရာရသူ တချို့ကို ဝင်ရောက်ဖမ်းဆီးကာ ထောင်သို့ ယူသွားသည့် ကိစ္စတချို့လည်း ရှိခဲ့သည်။ အချို့သောကိစ္စများတွင်မှု ရဲများက ဒဏ်ရာရထားသူများ ပြန်သက်သာလာ သည့်အချိန်ထိ စောင့်ဆိုင်းပေးပြီး သက်သာလာချိန် ဖမ်းဆီးမှုများလည်း ရှိခဲ့သေးသည်။

အဖြစ်အပျက်နောက်ပိုင်းက ရက် တစ်ရက်

ထိုနောက်တွင်မှု လူတိုင်းသည် ထိုကြေကွဲစရာကောင်းသော ဖြစ်ရပ်အကြောင်း ပြောရန် ဝန်လေး လာကြသည်။ အကြောင်းရင်းမှာ ထိုအကြောင်းကို ဖွင့်ပြောမိပါက ရဲများက လိုက်လံ ဖမ်းဆီးကြခြင်းကြောင့်ပင် ဖြစ်သည်။

သို့သော် Sharpeville မြို့နှင့်ဝေးရာ တောင်အာဖရိကနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ နေရာများတွင်မှု ထိုကိစ္စအပေါ် လူအမြောက်အများက မိမိတို့၏ မခံမရပ်နိုင်ဖြစ်မှုကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြသည့်အနေဖြင့် အာဖရိကန် အမျိုးသား ကွန်ဂရက် (the African National Congress/ANC) ၏ ဥက္ကဋ္ဌချုပ်ဖြစ်သူ Albert Luthuli သည် သူ၏ စိစစ်ရေးကဒ်ပြားကို မီးရှို့ခဲ့သည်။ Nelson Mandela နှင့် အခြားသော အာဖရိကန် အမျိုးသား ကွန်ဂရက် အဖွဲ့ဝင်များသည်လည်း တညီတညွတ်တည်းပင် မိမိတို့၏ စိစစ်ရေး ကဒ်ပြားများကို မီးရှို့ခဲ့ကြသည်။ ထိုဖြစ်ရပ်များ ဖြစ်ပွားပြီး မရှေးမနှောင်းအချိန် မတ်လ ၃၀ ရက်နေ့တွင် ဆန္ဒပြသူ ၃၀၀၀၀ ခန့်သည် ပစ်ခတ်မှုကို ဆန့်ကျင်ဆန္ဒပြရန်အတွက် Cape မြို့သို့ ချီတက်ခဲ့ကြသည်။

ထိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအပေါ် နိုင်ငံတကာမှလည်း အဆော့တလျင် တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားက အဆိုပါရက်စက်ကြမ်းကြုတ်မှုကို ရှုတ်ချ ကန့်ကွက်ခဲ့ကြသည်။ ဧပြီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (the United Nations Security Council/UNSC) က ထိုသတ်ဖြတ်မှုကို ရှုတ်ချကြောင်းနှင့် တောင်အဖရိက အစိုးရအနေဖြင့် Aapartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားသည့်) မူဝါဒကို စွန့်လွှတ်ဖို့ တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ ၁ လခန့် ကြာပြီးနောက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (the United Nations General Assembly) မှ Aapartheid (အသားအရောင်ကို အခြေခံပြီး ခွဲခြားသည့်) စနစ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (UN Charter) ကို ချိုးဖောက်ကြောင်း ကြေညာခဲ့သည်။ ၆ နှစ်အကြာ ၁၉၆၆ ခုနှစ် အောင်တိုဘာ ၂၆ ရက်နေ့တွင် Sharpeville အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကို အမှတ်ရပြီး သတိပြုဆင်ခြင်နိုင်ရန်အတွက် ကုလသမဂ္ဂမှ မတ်လ ၂၁ ရက်နေ့ကို လူမျိုးရေး ခွဲခြား မှု ပပျောက်ရေး နိုင်ငံတကာနေ့အဖြစ် သတ်မှတ်ကြေငြာခဲ့ပြီး လူမျိုးရေး ခွဲခြားမှု ပပျောက်စေရေး အတွက် နိုင်ငံတကာနေ့တစ်နေ့ကို ဖွင့်လှစ်ခဲ့သည်။

နောက်ဆက်တွဲများ

Sharpeville ဖြစ်စဉ်နောက်ပိုင်းတွင် တောင်အာဖရိကအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းကျဉ်လာသော်လည်း အစိုးရသည် အသားရောင်ခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားမှုဆိုင်ရာ မူဝါဒများကို စွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ ရှေးဦးစွာ အစိုးရက အရေးပေါ်အခြေအနေကြေညာပြီး လူပေါင်း ၂၀၀၀ ခန့်ကို ထိန်းသိမ်းဖမ်းဆီးခဲ့သည်။ ထို့နောက်တွင် ၁၉၆၀ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် အာဖရိကန် အမျိုးသားကွန်ဂရက် (the African National Congress/ANC)နှင့် ပန်-အာဖရိကန် ကွန်ဂရက် (Pan African Congress/PAC) နှစ်ခုလုံးကို တားမြစ်ပိတ်ပင်လိုက်ပြီး ထိုအဖွဲ့အစည်းများ၏ အဖွဲ့ဝင်ဖြစ် ခြင်းကို တရားမဝင်အောင် လုပ်ဆောင်လိုက်သည်။

အကျိုးဆက်အနေဖြင့် အဖွဲ့အစည်း နှစ်ခုစလုံးမှ အဖွဲ့ဝင် အများအပြားသည် တောခိုရန် ဆုံးဖြတ်ခဲ့ပြီး တောပုန်းဖြစ်ရန် ရွေးချယ်ခဲ့ကြသူများတွင် Nelson Mandela လည်း ပါဝင်လာခဲ့သည်။ “လူ့အခွင့်အရေး ကြေညာစာတမ်းပါ စကားတွေကို ကျနော်တို့က ယုံကြည်တယ်။ အစိုးရရဲ့ အခွင့် အာဏာအတွက် ပြည်သူ့ဆန္ဒကိုပဲ အခြေခံဖြစ်ရမှာ ဖြစ်ပြီးတော့ ကျနော်တို့အတွက် ဒီပိတ်ပင်တားမြစ်မှုကို လက်ခံလိုက်တာက အာဖရိကလူမျိုးတွေကို တချိန်လုံး တိတ်တိတ်လေးနေဖို့ တွန်း အားပေးနေတာကို လက်ခံလိုက်တာနဲ့ အတူတူ ပဲ” ဟု သူက နောင်တွင် ဖွင့်ဟခဲ့သည်။

Mandela နှင့် အခြားသူများသည် အသားအရောင်ကို အခြေခံကာ ခွဲခြားသည့် Aapartheid စနစ်ကို ငြိမ်းချမ်းစွာ တိုက်ယူ၍ရမည် မဟုတ်ကြောင်း ခံစားလာခဲ့ကြသည့် နောက်ပိုင်းတွင် PAC ကော၊ ANC ပါ လက်နက်ကိုင် တပ်များ ဖွဲ့စည်းခဲ့ကြပြီး အစိုးရကို ဆန့်ကျင်သည့် စစ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ သည်။  နှစ်ပေါင်း အမြောက်အမြား ကြာရှည်အောင် ဆင်းရဲဒုက္ခခံ၊ ရုန်းကန်ခဲ့ကြရမည့် ခရီးသည် ဤနေရာက စတင် ခဲ့ကြပြီး Aapartheid စနစ်၏ နိဂုံးကို Sharpeville မြို့က နိဒါန်းပျိုးပေးလိုက်ခြင်းပင်။ “ရဲတွေရဲ့ လုပ်ရပ်ကို တစ်ကမ္ဘာလုံးက ဒေါသ ဆောင်းဆောင်း ထွက်ခဲ့ကြတာလေ။ ၁၉၆၀ မတ်လ ၂၁ ကနေ စပြီး တောင်အာဖရိကဟာ အထီးကျန်ဆန်လာတာပဲ”ဟု တောင်အာဖရိကန် လူ့အခွင့်အရေး ရှေ့နေ Prakash Diar က ဆိုသည်။

နောင်နှစ်များအကြာတွင် Sharpeville မြို့သည် ကမ္ဘာကြီး၏ မျက်လုံးများအတွက် ပြန်အာရုံထား စိုက်ကြည့်စရာ နေရာဖြစ်လာခဲ့ပြန်သည်။ ၁၉၈၀ ခုနှစ်များအတွင်းတွင် အသားအရောင်ကို အခြေခံ သော ခွဲခြားမှုကို ကျင့်သုံးသည့် အစိုးရ၏ လူသတ်မှုဖြင့်  မတရား တရားစွဲဆိုခံရသူ ၆ ဦးကို ရှေ့နေ Prakash Diar မှ ခုခံကာကွယ်ပေးခဲ့သည်။ ယောက်ျား ၅ ဦိး၊ အမျိုးသမီး ၁ ဦး ပါဝင်သည့် ထိုလူ ၆ ဦးသည် Sharpeville Six ဟု လူသိ များလာခဲ့ပြီး သူတို့ရင်ဆိုင်ရသောအမူသည် နိုင်ငံတကာ၏ အာရုံ စိုက်မှုကို ဖမ်းဆုပ်ယူလျက် Sharpeville မြို့အား ကမ္ဘာ့ဇာတ်ခုံပေါ်သို့ တစ်ဖန်ပြန်တင်လျက် အသားအရောင်ကို အခြေခံသော ခွဲခြားမှုကို ကျင့်သုံးသည့် အစိုးရ၏ လူမဆန်မှုကို ထုတ်ဖော်ပြသ ခဲ့ပေသည်။

ဤသို့ဖြင့် အသားအရောင်ခွဲခြားသည့် စနစ် အဆုံးသတ်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဒီဇင်ဘာတွင် လူမျိုး အားလုံး၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အမြူတည်ထားသည့် ဖွဲ့စည်းပုံ အသစ် တစ်ရပ်ကို တောင်အာဖရိကနိုင်ငံမှ ပြဌာန်းခဲ့သည်။ Sharpeville မြို့ပေါ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် အလွန်နီးကပ်သော နေရာတစ်ခုတွင် သမ္မတ Nelson Mandela မှ ထို ဖွဲ့စည်းပုံကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် Sharpeville မြို့ပေါ်က အဖြစ်အပျက်ကို အစွဲပြု၍ တောင်အာဖရိကနိုင်ငံတွင်လည်း ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်ပေးဆပ်ခဲ့ကြသူများကို အောက်မေ့ဂုဏ်ပြုရန်အပါအဝင် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ပိုမို လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ မတ်လ ၂၁ ရက်နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပြီး ထိုနှစ်ပတ်နေ့ ရောက်တိုင်းတွင် အခမ်းအနားများ၊ လှုပ်ရှားမှုများ၊ ဟောပြောပွဲများကို လုပ် ဆောင်လျက်ရှိနေကြသည်။ ။

■ Canadian Museum for Human Rights Website တွင် Matthew McRae ရေးသားသော The Sharpeville Massacre: A violent turning point in the history of South African apartheid ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ဘာသာပြန်ဆိုသူ -  ဆိန်နိုနင်

"ဆိန်နိနင်"သည် မင်းပြားမြို့ဇာတိဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စစ်တွေတက္ကသိုလ်မှ အင်္ဂလိပ်စာ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရသည့်အချိန်ကစ၍ ရခိုင်ဒေသရှိ အဖွဲ့အစည်းတချို့တွင် ဝင်ရောက် လုပ်ကိုင်ကာ လက်ရှိတွင် နိရဉ္စရာသတင်းဌာနတွင် စီမံချက် ညှိနှိုင်းရေးမှူးအဖြစ် ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

Most read this week

May 10, 2024
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် တိုက်ပွဲဖြစ်ပွားလာမည်ဟုဆို၍ မြို့ပေါ်မှ စစ်ဘေးရှောင်...
May 10, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ် ရွှေလှေတိုက်နယ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား...
May 9, 2024
ရခိုင်ပြည် ၊မောင်တောမြို့အနီး ရွှေရင်းအေး(ရခိုင်)ကျေးရွာ နှင့် ညောင်ချောင်း (မွတ်ဆလင်)...
May 8, 2024
ရခိုင်ပြည်တွင် အကြမ်းဖက် စစ်ကောင်စီက ထောင်ထားသည့် မြေမြုပ်မိုင်း အန္တရာယ်မှာ တစ်နေ့ထက်...