စစ်ကောင်စီ ရခိုင်လူထုစည်းရုံးရေးပိုမိုလုပ်ဆောင်လာ

စစ်ကောင်စီ ရခိုင်လူထုစည်းရုံးရေးပိုမိုလုပ်ဆောင်လာ

ရက္ခိုင်တပ်တော် (AA) နှင့် နားလည်မှု့ဖြင့် နှစ်ဘက်အပစ်ခတ်ရပ်စဲထားချိန်တွင် စစ်ကောင်စီသည် ရခိုင်လူထုကို   စည်းရုံးရေးကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ စည်းရုံးရေးလုပ်ဆောင်ရာတွင် နယ်လှည့်တပ်များဖြင့် ကျေးရွာများအထိ ဆင်းပြီး ဆေးဝါးကုသကာ စည်းရုံးရေးလုပ်ဆောင်နေသလို ပင်လယ်ကူးဆေးရုံပါ ရေတပ်စစ်ရေယာဉ်များဖြင့်လည်း ရခိုင်မြို့ကြီးများသို့ ဆိုက်ကပ်ကာ စည်းရုံးရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဆိုသည

လက်ရှိတွင် စစ်ကောင်စီ၏ သံလွင်(အမည်ရှိ) ပင်လယ်သွားဆေးရုံရေယာဉ်တစ်စင်းသည် ယမန်နေ့ မတ်လ ၉ ရက်တွင် မာန်အောင်မြို့သို့ ရောက်ရှိလာပြီး မတ်လ ၁၁ ရက်အထိ မာန်အောင်မြို့တော်ခန်းမတွင် ဆေးဝါးများ အခမဲ့ကုသပေးနေကြောင်း မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။

"သူတို့ကို ထောက်ခံလာအောင်လုပ်တာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။  အခုလို အခမဲ့ ဆေးလာကုသပေးတာက မရှိဆင်းရဲသားတွေအတွက် အတော်အဆင်ပြေပါတယ်။ ဆေးကုတာလည်း အခမဲ့ကုပေးတာဆိုတော့ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် အရမ်းကောင်းတယ်လို့ မြင်တယ်" ဟု ပြောသည်။

ယင်းသို့ အခမဲ့ဆေးဝါးကုသပေးရာတွင် ခွဲစိပ်ကုသမှုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကာ ECG စက်နှင့် X - Ray စက်၊ ဓာတ်မှန်ရိုက်စက်များနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ သံလွင်ဆေးရုံရေယာဉ်သည် ရခိုင်သို့ ဖေဖော်ဝါရီလ ၂၇ ရက်က ရန်ကုန်မှ မတ်လ ၁ ရက်မှစတင်ကာ ထွက်ခွာလာပြီး ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် သွားရောက်ကာ အခမဲ့ဆေးကုသပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့ လူထုထောက်ခံအားပေးမှုရရှိစေနိုင်မည့်ဆေးဝါးကုသပေးမှုများပြုလုပ်သလို တစ်ဘက်တွင်လည်း စစ်ကောင်စီသည် ရခိုင်လူထု ထောက်ခံမှုကို ရရှိနေသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို ထောက်ခံမှုမပြုလုပ်ကြရန် ကျေူရွာများသို့ဆင်းကာ အဓိကထားစည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ရှိ ကျေးရွာများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ လာရောက်ကာ ရွာသူ၊ ရွာသားများကို မှုခင်းကိစ္စများပေါ်ပေါက်ပါက စစ်ကောင်စီရဲစခန်းများသို့ လာရောက် တိုင်ကြားရန်နှင့် ULA နှင့် မပတ်သက်ရန်ပြောကြားခဲ့သည်ဟု ဇင်ချောင်းတိုက်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

"ULA နဲ့ ဆက်စပ်မှုမလုပ်ရ၊ မှုခင်းတွေဖြစ်လာရင်လည်း စစ်ကောင်စီရဲ့ ရဲဌာနတွေကို တိုင်ရမယ်လို့ ပြောခဲ့တာတွေရှိတယ်။ ဖေဖော်ဝါရီလ လောက်ကနေ တစ်လလုံးအချိန်ပြည့်သွားနေတာပါ။ ဇင်ချောင်းတိုက်နယ်က ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ စခန်းချတယ်။ ရွာသားတွေကို ဆေးကုပေးမယ်၊ ဘာတွေလိုအပ်လဲဆိုပြီး စည်းရုံးရေးဆင်းတာတွေရှိတယ်။ မုန့်ဟင်းခါးတွေတောင်ချက်ကျွေးပြီး စည်းရုံးရေးလုပ်တာ။ ပြည်သူတွေကို သူတို့ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ခေါ်ပြီးပြောတာတွေရှိတယ်" ဟု ပြောသည်။

စစ်ကောင်စီသည် တကျော့ပြန်ဖြစ်ပွားချိန်ကစတင်ပြီး လက်ရှိအချိန်ထိ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်များတွင် ကျေးရွာများကိုဝင်ရောက်ပြီး ဒေသခံများအား ULA/ AA ကိုထောက်ခံမှုမပြုလုပ်ရန် စည်းရုံးပြောဆိုနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

နှစ်ဘက်အပစ်အခတ်ရပ်စဲထားပြီး ယုံကြည်မှုတည်ဆောက်သင့်သည့်ကာလတွင် စစ်ကောင်စီ၏ လူထုစည်းရုံးရေးများမှာ ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် ယန္တရားများအား အနှောင့်အယှက်ဖြစ်စေလိုသည့် ရည်ရွယ်ချက်များနေသဖြင့် ရေရှည်တည် ငြိမ်အေးချမ်းနိုင်မည်မဟုတ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

"မြို့နယ်တွေမှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့စည်းရုံးတာ၊ ဒေသခံတွေကို ဆေးဝါးကုသပေးပြီး စည်းရုံးတာမျိုးကတော့ ကောင်းတဲ့ လက္ခဏာတွေလို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒေသခံတွေကို ULA နဲ့ မပတ်သက်ဖို့ ၊ မထောက်ခံဖို့ ပြောဆိုစည်းရုံးနေတာ တွေ၊ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲတာတွေကတော့ နှစ်ဖက်အပစ်အခတ်ရပ်ထားပြီး ယုံကြည်မှ တည်ဆောက်ရမယ့်ကာလမှာ ကောင်းတဲ့ လက္ခဏာတွေမဟုတ်ဘူးလို့ မြင်ပါတယ်" ဟု ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့သည် ၂ဝ၂၂ ခုနှစ်အတွင်း ၄ လကြာ တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်များက ရခိုင်ပြည်သူလူထု အပေါ် လူ့အခွင့်အရေးကျူးလွန်မှုများကို တစ်သီးတစ်တန်းကြီး ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရသည်။

တကျော့ပြန်တိုက်ပွဲများကို ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ယင်းနှစ် နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နားလည်မှုဖြင့် နှစ်ဘက်အပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

သို့သော်လည်း အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီအနေဖြင့် ရခိုင်ဒေသခံများကို ULA နှင့် အဆက်အသွယ်မပြုလုပ်ရန်၊ ထောက်ပံ့ကူညီမှုများမပေးရန်နှင့် လူထုအကြား ULA/AA ကို ထိုးနှက်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာ၍ မချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း ULA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...