PDF ထံ ပေးပို့မည့် လက်နက်များ အမြောက်အများ ဖမ်းခံရ

PDF ထံ ပေးပို့မည့် လက်နက်များ အမြောက်အများ ဖမ်းခံရ

မကွေးတိုင်းသို့ ပို့ဆောင်မည့် PDF လက်နက်များ ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသတွင်း သတင်း အရင်းအမြစ် များက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စမ်းကြီးကျေးရွာ အနီးတွင် မကွေးတိုင်းသို့ ပို့မည့် PDF အဖွဲ့၏ လက် နက်ခဲယမ်းများ ဖမ်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းများမှာ စမ်းကြီးကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရစဉ် ဖမ်းမိခဲ့ ခြင်းဖြစ်ပြီး မကွေးတိုင်း PDF ထံသို့ ပို့ဆောင်မည့် လက်နက်များဖြစ်သည်ဟု Bago Region PDF မှတာဝန်ရှိသူ များက ပြောသည်။

Bago Region PDF (BRPDF) မှ ပြန်ကြားရေး တာဝန်ရှိသူက “ပဲခူးတိုင်းမှာ မိတာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲ့ ဒါတွေက ပဲခူးတိုင်းမှာ လှုပ်ရှားနေတဲ့ PDF တွေအတွက် မဟုတ်ဘူး။ အဖွဲ့အချင်းချင်း ချိတ်ဆက် လှူပ်ရှားနေ တော့ ဒါက ပဲခူးတိုင်းကဟာ မဟုတ်ဘူးဆိုတာ ချက်ချင်း သိတယ်။ ကျနော်တို့ စုံစမ်းရသလောက်တော့ မကွေး ဘက်ကို ပို့မယ်လို့ သတင်းရထားတယ်။ သူတို့ ပို့မယ့် အဖွဲ့ကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ တူရကီနိုင်ငံထုတ် MK-12 ၃ လက်၊ ဂျာမဏီနိုင်ငံ ထုတ် FGC-9 ၉ လက်၊ လက်လုပ် ရိုင်ဖယ် ၅ လက်၊ ကျည်မျိုးစုံ ၁၆၄၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၀ ခု၊ လက်လုပ် မိုင်း ၈ လုံး၊ လက်ပစ်ဗုံး ၇ လုံး၊ ယမ်းပျော့ ၁၅ ထုပ်၊ ဖြူးစ် ၁၂ ချောင်း၊ စနက်တံ ၁၀၀ ခု၊ စနိုက်ပါ မှန်ပြောင်း ၂ ခု၊ ယမ်းကြိုး ၂ ပေ၊ အိုင်ကွန်/အားသွင်းခုံ ၁ စုံ၊ ဆားကစ်ပြား ၁၉ ခု၊ လည်တိုဖိနပ် ၅ ရံ၊ လွယ်ကြိုး ၂ ချောင်း၊ ပြောက်ကျား ဝတ်စုံ ၃၄ ထည် တို့ပါဝင်သည် ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုလမ်းကြောင်းမှ လက်နက်ပို့ဆောင်နေသည်မှာ ယခင်ကတည်းက ဖြစ်ပြီး ယခုကဲသို့ ဖမ်းဆီးခံရခြင်းမှာ ဒလန် (စစ်ကောင်စီ သတင်းပေး) များ၏ သတင်းပေးမှုကြောင့် ဖြစ်နိုင်ဟု ၎င်းက ဆက်ပြောသည်။

သံဃာတော်တစ်ပါး မောင်းနှင်လာသည့် အဖြူရောင် Mark 2 Crown အမျိုးအစား ကားတစ်စီးကို မတ်လ ၃ ရက် နေ့၊ ညနေ ၆ နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီတပ်များ တားဆီးစစ်ဆေးရာမှ ကားနောက်ဖုံးတွင် လျှို့ ဝှက် သယ်ဆောင်လာသော လက်နက်များကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

BRPDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လက်နက်က တကယ်ဖမ်းမိတာ ဟုတ်ပေမယ့်စစ်တပ်ဘက်က ထုတ်ပြန်ထားတဲ့ သတင်းက အရေအတွက် အရမ်းများနေတယ်။ Mark 2 နောက်ဖုံးမှာ ဒီလောက်သယ်လို့ မရ ဘူး။ နေရာဆန့်ရင်တောင် ဝှက်ပြီးသယ်ရတဲ့အတွက် ဒီလောက်ကြီး မသယ်ရဲကြဘူး။ စစ်တပ်ထောက်ခံသူတွေ အားတက်အောင် စာရင်းပိုထည့်တာ ဖြစ်နိုင်တယ်” ဟု ခန့်မှန်းပြောဆိုထားသည်။

လက်နက်များနှင့်အတူ ကားပေါ်တွင် လိုက်ပါလာသည့် တောင်ငူမြို့ရှိ ဗောဓိကုန်းကျောင်းတိုက်မှ ယာဉ်မောင်း ဖြစ်သူ အသက် ၄၀ အရွယ် ဦးပဏ္ဍိတ (ခ) ဦးဝင်းကြိုင်၊ သံတောင်ကြီးမြို့နေ အသက် ၂၇ နှစ်အရွယ် စောကြည် ဖြူကျော်၊ သဲကုန်းမြို့နေ အသက် ၂၂ အရွယ် ကိုအောင်ကျော်ဦးတို့ ၃ ဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု အဆိုပါ ဂိတ်နှင့် နီးစပ်သူက ပြောသည်။

၎င်းတို့ ၃ ဦး ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ တပ်များ၏ ညဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းမှုကြောင့် ရှေ့ပြေး ကင်းထောက် ၂ ဦးလည်း ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့ ၃ ဦးထွက်ဆိုမှုဖြင့် မတ်လ ၄ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန် - မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၁၇၃/၄ အနီးရှိ စစ်ဆေးရေးးဂိတ်တွင် သန်လျင်မြို့နေ အသက် ၂၈ နှစ်အရွယ် ကိုသန့်စင်နှင့် ဒဂုံဆိပ်ကမ်းမြို့နေ အသက် ၂၆ နှစ်အရွယ် ကိုချစ်ထွေးတို့ကို စစ်ကောင်စီတပ်များကထပ်မံ ဖမ်းဆီးခဲ့သေးသည်ဟု PDF သတင်း အရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...