ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ

ဖားကန့်တွင် စစ်ကိုင်းမှ လာရောက်တိမ်းရှောင်နေသည့် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာအုပ်စု ဖားပြင်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင်တစ်ဦး မတ်လ ၆ ရက်နေ့တွင် ဖမ်းဆီးခံလိုက်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်သည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မာမာအေးသည် ဖားကန့်မြို့ ဖားပြင်ရပ်ကွက်ရှိ ညီမဖြစ်သူ၏ အိမ်အတွင်း လာရောက်တိမ်းရှောင်နေစဉ် စစ်ကောင်စီအဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

“သူကဒီကိုပြောင်းလာတာမကြာသေးဘူး။ သူ့ ညီမရဲ့အိမ်မှာလာပြောင်းနေတာဟုတ်တယ်။ ကုန်စုံဆိုင်ဖွင့်ထားတော့ စျေးရောင်းနေတဲ့အချိန် ည ၇ နာရီလောက်မှာ လာရောက်ပြီးဝင်ဆွဲသွားကြတယ်။ သူတို့ကတော့ စစ်ကိုင်းတိုင်းဘက်ကနေ ဧည့်သည်ပုံစံနဲ့လာနေကြတာဟုတ်တယ်။ ဘယ်လိုသတင်းတွေရပြီး လာဖမ်းသွားမှန်းမသိဘူး”ဟု ပြောသည်။

သူသည် ဖေဖော်ဝါရီလဆန်းပိုင်းမှသာ မိသားစု ၃ ဦးနှင့်အတူ ဖားကန့်ဘက်သို့ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်မာမာအေးကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။

ဒေါ်မာမာအေး ဖမ်းဆီးခံလိုက်ရမှုသည် စစ်ကောင်စီ သတင်းပေး (ဒလန်) များကြောင့် ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

ဖားကန့်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခံရမှု မကြာခဏဖြစ်ပေါ်နေပြီး မတ်လ ၁ ရက်နေ့တွင်လည်း ရှရော်ခ ကျေးရွာမှ ပြည်သူ ၂၀၀ နီးပါးခန့် ဖမ်းဆီးခံရမှုတစ်ကြိမ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စဗျစ်ခူးကျေးရွာမှ အရပ်သား ၈၀ ကျော်ဖမ်းဆီးခံရမှုတစ်ကြိမ်နှင့် မတ်လ ၆ ရက်နေ့တွင်လည်း လုံးခင်းကျေးရွာမှ လူငယ် ၃၀ ကျော်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်များအနက် အချို့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ဖမ်းဆီးခံထားရသူများလည်း ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့ထိ နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ဖမ်းဆီးခံရမှု ၁၆၃၀၄ ဦးထိရှိပြီ ဖြစ်ကြောင်း AAPP ၏ ဖော်ပြချက်အရ သိရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...