ကျိုက်ထိုတွင် အမျိုးသား နှစ်ဦး ရုပ်အလောင်းအား ခြံတစ်ခြံတွင် တွေ့ရှိ

ကျိုက်ထိုတွင် အမျိုးသား နှစ်ဦး ရုပ်အလောင်းအား ခြံတစ်ခြံတွင် တွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ရှမ်းစုအပိုင်းရှိ ခြံတစ်ခြံတွင် အမျိုးသားနှစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၇၄ နှစ်အရွယ် ဦးစိုးသန်း ဆိုသူနှင့် အသက် ၁၈ နှစ်အရွယ် မောင်စိုးလင်းဦး ဆိုသူတို့ နှစ်ဦးသည် ခြံထဲ တွင် ရှိနေစဥ် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “အကြောင်းအရင်း အတိအကျကိုတော့ ကျနော်တို့လည်း မသိဘူး။ အမျိုးမျိုးတော့ ပြောနေ ကြတာပဲ။ သူတို့ရထားတဲ့ ဒဏ်ရာကိုကြည့်ရင်တော့ ပေါက်ကွဲမှု တစ်ခုခုဖြစ်ပြီးမှ ထိခိုက် သေဆုံးသွားတာမျိုး ပါ။ ဗုံးလား မိုင်းလား မသိဘူး” ဟု ပြောသည်။

မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဦးစိုးသန်းသည် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများအပြင် မောင်စိုးလင်းဦးတွင် ခန္ဓာကိုယ် အနှံ့ ရရှိခဲ့သည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။

ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့ နှစ်ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ဝါဒဖြန့် တယ် လီဂရမ် ချယ်နယ်လ်က PDF များက ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် စစ်ကောင်စီ ဆန့်ကျင်သူများဘက်က ၎င်းတို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စစ်တပ်က ထောင်ထား သည့် မိုင်းနင်းမိခြင်းသာ ဖြစ်နိုင်သည်ဟု ပြောဆိုထားသည်။

ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့ နှစ်ဦး သေဆုံးမှု အပေါ် မည်သူက မည်သည့်အကြောင်းကြောင့် လုပ် ဆောင်ခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

သေဆုံးသွားသည့် ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့သည် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာကဖြစ်သည်ဟု ဆို သည်။

သေဆုံးသွားသည့် ဦးစိုးသန်းနှင့် မောင်စိုးလင်းဦးတို့ ရုပ်အလောင်းကိုမူ လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု လူမှုကူညီ ရေးအသင်း တာဝန်ရှိသူများက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း၌ အရပ်သား သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များ မကြာ ခဏ ဖြစ်ပွားလေ့ရှိသည်။

အရပ်သား သတ်ဖြတ်ခံရမှု ဖြစ်စဥ်များထဲ အချို့က စစ်ကောင်စီတပ်ဘက်က သတ်ဖြတ်ခဲ့ပြီး အချို့ကပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ဘက်က သတ်ဖြတ်ခဲ့ကြောင်း အချို့မှာလည်း လက်သည်မပေါ်သော သတ်ဖြတ်ခံရသူ များလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

July 4, 2026
 ရှမ်းပြည် တောင်ပိုင်း၊ အောင်ပန်းမြို့၌ ကုန်ကားမောင်းနှင်သူ တစ်ဦးသည်...
July 3, 2026
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမရရှိခြင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရှိ၍မဟုတ်ဘဲ...
July 3, 2026
ချင်းပြည်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို...
July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...