မောင်တောတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေး

မောင်တောတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေး
မောင်တောတွင် ထွက်ပြေးသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေနေစဉ်။
မောင်တောတွင် ထွက်ပြေးသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေနေစဉ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားသည်ဟု သတင်းရရှိသည်။

ထွက်ပြေးသွားသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်တွင်  အသည်းအသန် လိုက်ရှာနေကြသည်ဟု သိရသည်။

လက်နက်များနှင့်အတူ ထွက်ပြေးသွားသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ မောင်တောမြို့နယ်တောင်ပိုင်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း နခခ ၉ တပ်ရင်းမှဖြစ်ပြီး ယမန်နေ့ မတ်လ ၆ ရက်တွင် ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတပ်ဖွဲ့ဝင် ၄ ဦး ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေ့ရော၊ ညပါ လိုက်ရှာနေကြခြင်းဖြစ်သည်ဟု အဆိုပါ နခခ ၉ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“နယ်ခြားစောင့် ၄ ယောက်ထွက်ပြေးသွားတယ်ဆိုပြီးတော့ ကျနော်တို့ဆီကို အဲဒီစခန်းက တာဝန်ရှိသူတစ်ယောက်က ဖုန်းဆက်ပြီးတော့ အကြောင်းကြာလာတယ်။ သူတို့ ထွက်ပြေးသွားပြီးနောက်တော့ တစ်ညလုံးလည်း ကင်းလှည့်တယ်။ တစ်ညလုံးကားတွေနဲ့ပတ်ပြီးတော့ သွားနေကြတယ်။ အခုလည်း လမ်းမပေါ်မှာ ကင်းတွေချထားတယ်။ ကားတွေနဲ့ပတ်ပြီးတော့လည်း အသည်းအသန်လိုက်ရှာနေကြတယ်” ဟု ပြောသည်။

ထွက်ပြေးသွားသူများတွင် လက်နက်ခဲယမ်းများပါ ပါရှိသွားပြီး သူတို့ ၄ ဦး၏ ကိုယ်ပိုင်နံပါတ်နှင့် ရာထူးများကို နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းတို့ ၄ ဦးမှာ မည်သည့်အချိန်ကနေ ထွက်ပြေးသွားသည်ကို မသိရှိဘဲ ယမန်နေ့ညနေက တန်းစီမှသာ သူတို့ ပျောက်ဆုံးနေသည်ကို သိရှိရခြင်းဖြစ်သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၈ နာရီ၊ ၉ နာရီလောက်ကနေ ထွက်ပြေးသွားတယ်ထင်တယ်။ ညနေတန်းစီမှ သူတို့မရှိတာသိတော့ အဲဒီအချိန်ကနေ အသည်းအသန် လိုက်ရှာနေကြပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်(AA) ထံ ထွက်ပြေးခိုလှုံမှုများရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီ တပ်သား (၃) ဦးနှင့် မြောက်ဦးအခြေစိုက် (၃၇၈)တပ်ရင်းမှ စစ်ကောင်စီတပ်ကြပ် ၁ ဦးတို့သည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းကလည်း ကျောက်တော်မြို့ရှိ မဟာမုနိဘုရားကုန်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...