KIA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်တစ်လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့

KIA နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်တစ်လုံးကျေးရွာကို စစ်ကောင်စီ မီးရှို့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာကို စစ်ကောင်စီဘက်ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကျောင်းကုန်း၊ ချောင်းဝနဲ့ ကျောက်ကြီးကျေးရွာတွေဘက် အင်အား (၁၀၀) ကျော်နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီ ခလရ (၁၀)၊ ခလရ (၇၇) တို့နဲ့ KIA တို့ ပြီးခဲ့တဲ့ မတ်လ (၄) ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီကနေ တောတောင်တွေထဲ အခင်းလုပ်ကိုင်နေကြတဲ့ ဒေသခံတစ်ချို့ကို ဓားစာခံအနေနဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး မတ်လ (၅) ရက်နေ့ ညနေပိုင်း (၂) နာရီလောက်မှာ ကျောက်တလုံးကျေးရွာက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်တော်တို့အိမ်ပါသွားတယ်။ အားလုံးစစ်ရှောင်နေရတဲ့ ဟာတွေဖြစ်သွားပြီ။ အိမ်ခြေက အစိတ်(၂၅ အိမ်) လောက်ပါသွားတယ်။ ရွာအစွန်းမှာရှိတဲ့ ဝန်ထမ်းအိမ်ရာကိုရှို့ပြီး ကျွန်တော်တို့နေတဲ့ အိမ်ကို တစ်ပြိုင်တည်းရှို့တာ။ အဲဒီတော့ လမ်းဟိုဘက်ဒီဘက် တစ်တန်းလုံးလောင်သွားတာ” လို့ ဒေသခံက ဆိုပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ ဒေသခံတွေကို လက်ရှိချိန်ထိ ပြန်လည်လွှတ်ပေးတာမျိုး ရှိမရှိကို အတိအကျမသိရှိသေးဘူးလို့လည်း ဒေသခံက ဆိုပါတယ်။

အသက် (၂၀) ဝန်းကျင်ရှိတဲ့ မိန်းကလေးတစ်ဦးကိုတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အခုချိန်ထိပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

နောက်ထပ်ဒေသခံတစ်ဦးကလည်း တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီဘက်က လေယာဉ်တွေပါ အသုံးပြုခဲ့ကြောင်းနဲ့ အိမ်ခြေ (၂၅) အိမ်မီးရှို့ခံခဲ့ရပြီး ဒီကနေ့မနက်မှာတော့ စစ်ကောင်စီဘက်က အင်အား ၅၀၀ လောက်နဲ့ ကျောက်တလုံးကျေးရွာအနီးတစ်ဝိုက်က ရွာတွေမှာ စစ်ကြောင်းပြန်လည်ဝင်ရောက်နေကြတယ်လို့ ဆိုပါတယ်။

“ လေယာဉ်နဲ့လာပစ်တာ။ ငိုကြတာတအားပဲ။ ထွက်ပြေးတဲ့သူကပြေး” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

ကျောက်တလုံးကျေးရွာဟာ အိမ်ခြေ (၂၀၀) နီးပါးရှိတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...