သုံးလအတွင်း မြို့ဝင်ကြေး ၃၇၄၉ ဒသမ ၀၃ ကျပ် ရရှိခဲ့ပြီး သထုံမြို့နယ်မှာ ၈၉၃ ဒသမ ၀၉ ကျပ်ဖြင့် အများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်က ၆၄၉ ဒသမ ၉၇ ကျပ်ဖြင့် ဒုတိယအများဆုံး ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မြို့ဝင်ကြေးကောက်ခံရငွေတွေကို ကျွန်တော်တို့ လမ်းတွေခင်းတယ်။ ရေပေးဝေရေးတို့ သန့်ရှင်းရေးကိစ္စတို့ စသဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုပါတယ်။လာမယ့် ပွင့်လင်းရာသီဆိုရင် သမိန်ဗရမ်းလမ်း၊ သာသနာ့ဗိမာန်လမ်းနဲ့ အာမခံတြိဂံကနေ ပတ္တမြားကုန်းဆင်းတောင်ဝိုင်းလမ်းတွေကို နိုင်လွန်ကတ္တရာခင်းဖို့ စီစဉ်နေပါတယ်။”ဟု ပြောကြားသည်။
မြို့ဝင်ကြေးကောက်ခံမှုကို ယခင်က ရွှေသံလွင် နှင့် အေးကို ကုမ္ပဏီတို့ကို လေလံစနစ်ဖြင့် ပေးခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်ကုန်ပါက ငွေကျပ် ၅၉၉ သန်း ရရှိမှာဖြစ်ပြီး ယခုအခါ စည်ပင်က တိုက်ရိုက်ကောက်ခံခဲ့ရာ ဘတ်ဂျက်နှစ်အကုန်တွင် သန်း ၉၀၀ နှင့် ၁၀၀၀ ခန့်ရရှိလိမ့်မည်ဟု ဦးမြင့်အောင်က ပြောကြားသည်။
လက်ရှိ ၃ လအတွင်း မြို့ဝင်ကြေး ကောက်ခံမှု စာရင်းများအရ သထုံနှင့် မော်လမြိုင်မှာ အများဆုံးရရှိခဲ့ပြီး မုဒုံမြို့နယ်တွင် ၆၂၄ ဒသမ ၅၇ ကျပ်၊ ကျိုက်ထိုမြို့နယ်တွင် ၅၃၅ ဒသမ ၆၆ ကျပ်၊ မော်လမြိုင်မြို့နယ်တွင် ၅၀၆ ဒသမ ၃၁ ကျပ်၊ ပေါင်မြို့နယ်တွင် ၁၈၂ ဒသမ ၃၃ ကျပ်၊ သံဖြူဇရပ်မြို့နယ်တွင် ၁၅၆ ဒသမ ၁၅ ကျပ်၊ရေးမြို့နယ်တွင် ၁၂၈ ဒသမ ရ၃ ကျပ်၊ချောင်းဆုံမြို့နယ်မှာ ၄၉ ဒသမ ၆၆ ကျပ်နှင့် ကျိုက်မရောမြို့နယ်မှာ ၂၂ ဒသမ ၅၆ ကျပ်ရရှိခဲ့သည်။
သို့ရာတွင် ပြည်သူအများ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို လျှော့ချသည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်များကို ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည်နယ်အစိုးရ ဖျက်သိမ်းခဲ့သည်ဟု သိရသည်။
ကုန်စျေးနှုန်းများ မြင့်တက်စေသည့်အကြောင်းအရာများအနက် မြို့ဝင်ဂိတ်ကြေးများ ကောက်ခံခြင်းလည်းပါဝင်နေသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။







