ရှေ့တန်းပို့ခံရမည်စိုးသဖြင့် ပျူစောထီးအချို့တိမ်းရှောင်

ရှေ့တန်းပို့ခံရမည်စိုးသဖြင့် ပျူစောထီးအချို့တိမ်းရှောင်

စစ်ကောင်စီမှ ပျူစောထီးများကို ရှေ့တန်းသို့ပို့ဆောင်နေ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပျူစော ထီးအချို့ တိမ်းရှောင် ထွက်ပြေးနေရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ပင်းတယနှင့် ရွာငံမြို့နယ်တို့မှ ပျူစော ထီးများကို စစ်ကောင်စီက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပင်းတယမြို့ အောယောရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက “ရှေ့တန်းပို့နေ တာက ၃ ခါရှိပြီလို့ ကြားတယ်။ တချို့ကတော့ ကရင်နီကို ပို့တယ်။ တချို့က ဖယ်ခုံ၊ အင်းလေးဘက်လို့ ကြား တယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက နှုတ်ထွက်ပြီးတော့ ထွက်ပြေးကြပြီလေ။ တချို့တွေက ရူးသလိုလို ပုံစံပြောင်းသွားကြတယ်” ဟု ပြောသည်။

စစ်ကောင်စီအစိုးရသည် ၎င်းတို့ စစ်သင်တန်းပေးထားသည့် ပျူစောထီးများကို ပြီးခဲ့သည့် ဇန္နဝါရီလ နောက်ဆုံး ပတ်ကတည်းက ရှေ့တန်းသို့ ပို့ဆောင်နေသည်ဖြစ်ရာ ယခုဖေဖော်ဝါရီလ တတိယပတ်အထိ ၂၁ ဦး ပို့ဆောင် ခံရပြီ ဖြစ်သောကြောင့် ပျူစောထီးအချို့မှာ တိမ်းရှောင်ထွက်ပြေးနေရသည်ဟု ပျူစောထီးများနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန္နဝါရီလ ၂၂ ရက်နေ့ကတည်းက ပင်းတယမြို့နယ်၊ အောယောရပ်ကွက်ရှိ မိုးကုတ်ဝိပသနာ တရားစခန်းတွင် ပျူစောထီး အယောက် ၁၀၀ နီးပါးခန့်ကို စစ်သင်တန်းပေးခဲ့ပြီးနောက် ၃ ကြိမ် ခွဲ၍ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု အဆိုပါရပ်ကွက်က အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် လတ်တလော ရှေ့တန်းသို့ မပို့ဆောင်နိုင်သေးဘဲ ကျန်ရှိနေသေးသည့် ပျူစောထီးအချို့ကို ပင်းတယနှင့် ရွာငံမြို့၏ စစ်ဆေးရေးဂိတ်များ၌ စစ်ကောင်စီ တပ်သားများ၏ နေရာတွင် အစားထိုးခန့်ထားသည်ဟု ဆိုသည်။

ရွာငံမြို့၊ တက်တောင်ကျေးရွာတွင် နေထိုင်သည့် ပျူစောထီးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာမှာ လည်း ၉ လပိုင်း (စက်တင်ဘာလ) လောက်က သင်တန်းပေးထားတဲ့ ပျူစောထီးတွေရှိတယ်။ အဲဒီကောင်တွေကို လည်း ရှေ့တန်းပို့တာပေါ့။ အရင်လက တက်တဲ့ဟာတွေကတော့ လက်နက်ရလို့ဆိုပြီး ပျော်ပျော်ကြီး သွားတက် ကြတာ။ အကုန်ပို့ခံရတာပဲ။ အခုစစ်ဆေးရေးဂိတ်က ပျူတွေလည်း လစာမရဘူး။ နေ့စားခလောက်ပဲရတာ။ တခါတလေ တစ်ပြားမှမရဘူး ပြောတယ်” ဟု ပြောသည်။

ပင်းတယနှင့် ရွာငံမြို့နယ်များရှိ ပျူစောထီးများကို စစ်ကောင်စီက ၅ ကြိမ် စစ်သင်တန်းပေးခဲ့ပြီး ဖြစ်ရာ ထိုပျူ စောထီးများကို ရှေ့တန်းတွင် လက်တွေ့အသုံးချနေသောကြောင့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် စစ်ကောင်စီ ခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုစုပေါင်း ၁၀ ဦးထက်မနည်းက ထွက်ပြေးနေရ သည် ဟု ဒေသခံများက ပြောသည်။

မြို့ပြပြောက်ကျားလှုပ်ရှားမှု အားကောင်းသည့် ရွာငံမြို့နယ်တွင် ပြောက်ကျားစစ်ဆင်ရေးများ အနည်းငယ် ငြိမ် သက်သွားသည့် နောက်ပိုင်း စစ်ကောင်စီတပ်များသည် ပျူစောထီးများကို စစ်သင်တန်းများ ပေါ်ပေါ်တင်တင် ပေးနေပြီး ဓနုလူမျိုးအချင်းချင်းကြား ရန်တိုက်ပေးသည့် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...