ယင်းမာပင် ကုန်းရွာ နှစ်ရက်ဆက်တိုက်မီးရှို့ခံရပြီးနောက် ပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရ

ယင်းမာပင် ကုန်းရွာ နှစ်ရက်ဆက်တိုက်မီးရှို့ခံရပြီးနောက် ပြည်သူ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ကုန်းရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့နေသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတစ်သောင်းကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ‌ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

မတ်လ ၁ ရက်ည ၇ နာရီခန့်မှစတင်ကာ စစ်အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကုန်းရွာအတွင်းရောက်လာပြီးနောက် ယနေ့နံနက်ပိုင်း ၉ နာရီဝန်းကျင်ထိ ဝင်ရောက် မီးရှို့နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မနေ့ကည  ၇ နာရီလောက်ကတည်းက ကုန်းရွာကို မီးစရှို့တာပါ။ မီးတောက်ကတော်တော်များတယ်ဗျ။ အိမ်ခြေတော့ အတိအကျမသိရသေးဘူး။ စစ်ကြောင်းက မငြိမ်သေးဘူး။ ဝင်လိုက်ထွက်လိုက် ခွဲလိုက်ပေါင်းလိုက်နဲ့ဆိုတော့ အတည်ပြုလို့ မရသေးတာပါ“ ဟု ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကုန်းရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ယင်းမာပင်မြို့နယ်အနောက်ဘက်တွင် တည်ရှိသည်။

အဆိုပါစစ်ကြောင်းသည် ပုလဲမြို့နယ်ဘက်မှ ရောက်လာသည့်စစ်ကြောင်းဖြစ်ပြီး လက်ရှိချိန်ထိ အနီးပတ်ဝန်းကျင်ရှိ မြင်သာကုန်း၊ ကျွန်းတော၊ ဝါးရုံ၊ တင်ဆုံ၊ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ဇီးဖြူကုန်း၊ ဇီးတောတောင်ရွာ၊ မြောက်ရွာ၊ရေအောက်၊ ရုံးလေပင် စသည့် ကျေးရွာ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

“ကုန်းရွာရောအပါအဝင် ရွာ ၁၁ ရွာလောက်က ပြည်သူတွေစစ်ဘေးနှင့် မီးဘေး‌ရှောင်နေရပါတယ်။ ၁သောင်းကျော် လောက်ရှိမယ်“ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် လက်ရှိချိန်ထိလည်း အဆိုပါ ကုန်းရွာအနီး ကာကွယ်ရေးတပ်တွေနှင့် စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဝေဟင်ကပါ ပစ်ကူနေရသည်ဟု ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...