စစ်ကောင်စီတပ်သားများက မြင်းမူ ဒေသခံအမျိုးသမီးများအပါအဝင် ရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ပစ်ခဲ့ဟု ဒေသခံများပြောဆို

စစ်ကောင်စီတပ်သားများက မြင်းမူ ဒေသခံအမျိုးသမီးများအပါအဝင် ရွာသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ပစ်ခဲ့ဟု ဒေသခံများပြောဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ တာတိုင်းကျေးရွာက ဒေသခံ အမျိုးသမီးများအပါအဝင် ၁၅ ဦးကို စစ်တပ်က ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်  သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

"မနေ့ ညနေစောင်းလောက်ကတည်းက သူတို့ စစ်ကြောင်းထိုးလာတာ။ ညရွာထဲကို ဝင်မွှေတယ်။ ဖမ်းတာဆီးတာတွေက ည ၇ နာရီ  ၈ နာရီ လောက်ကတည်းက လုပ်တာ။ သူတို့ ရောက်ကတည်းကပေါ့။ ဒီမနက် တပ်ပြန်ဆုတ်တော့လဲ ထပ်ဖမ်းသေးတယ်။ အမျိုးသမီး  သုံးလေးယောက်လောက်လဲ ပါသွားတယ်။ လမ်းမှာ သတ်ဖြတ်ပြီး ထားခဲ့တယ်။ အလောင်းတွေက ပုံတွေမှာ မြင်တဲ့ အတိုင်းပဲလေ”ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မတ်လ ၂ ရက်နေ့ မနက်ပိုင်း တပ်ပြန်လည်ဆုတ်ခွာစဉ် ဖမ်းဆီးခံထားရသူများကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ညောင်းရင်းကျေးရွာ သရက်ခြံအတွင်း သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတ်ဖြတ်ခံရသူများဖြစ်ကြသည့်   ကိုထွန်းထွန်း၊ ကိုစိုးနိုင်၊ ကိုကျော်စိုး၊ ကိုလင်း၊ ကိုကျော်ကျော် တို့၏ ရုပ်အလောင်းများအား အရင်ဆုံးတွေ့ရှိခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသူများအထဲက နောက်ထပ် အလောင်းအချို့ကိုလည်း  ညောင်ရင်းနှင့် မူးဝရွာ  အကြားတို့တွင်တွေ့ရှိခဲ့ရကြောင်းကိုလည်း ဒေသခံများက ပြောသည်။

သေဆုံးရုပ်အလောင်းများအနီးပတ်ဝန်းကျင်တွင် မိုင်းထောင်ထားခဲ့မှုများကိုလည်းတွေ့ရှိရပြီး အလောင်း ကောက်ယူနိုင်မှုများတွင် အခက်အခဲများရှိခဲ့ကြောင်း သိရှိရသည်။

“တွေ့တဲ့ အလောင်းတွေ သဂြိုလ်ပေးဖို့ နဲ့ အလောင်းကောက်ဖို့တောင် တော်တော်ခက်ခဲတယ်ဗျာ။ ဒီကောင်တွေ  ညီကိုမောင်နှမချင်း တောင်မစာနဲ့ သတ်ဖြတ်ထားခဲ့တယ်။ ဒီကောင်တွေ အလှည့် ဆိုတာရှိလာမှာပဲလို့တွေးရင်း ကျနော်တို့တွေအားတင်ထားတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက (၁၁) မြို့နယ် ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားပြီးနောက် အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်လာသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်ကိုင်းအတွင်းရှိ တာတိုင်၊ မြင်းဆည်၊ ထားဝယ်တဲ၊ မြစ်သာနှင့် အခြားကျေးရွာ ဒေသများတွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် စီးနင်းဝင်ရောက် ရှာဖွေ မီးရှို့ဖျက်စီးမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပြုလုပ်မှုများကြောင့် ဒေသခံ များသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...