ကင်းပုန်းဝပ် ပိုက်ဆံကောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ကင်းပုန်းဝပ် ပိုက်ဆံကောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ

သရက်ချောင်းမြို့နယ်အတွင်း ရေတံခွန်အနီး ကင်းပုန်းဝပ်ကာ ကားသမားများထံမှ ပိုက်ဆံကောက်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ သိမ်ကုန်းရေတံခွန်အနီး ကင်းပုန်းဝပ်နေသည့် စစ် ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က PDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက “စပြီးဝင်ပစ်တဲ့အချိန်မှာ စစ်တပ်ဘက်မှာ အင်အား ၂၀ လောက် တွေ့ရတယ်။ ကင်းပုန်းဝပ်ရင်း ဂိတ်ချထားတာမဟုတ်ဘဲ ဆက်ကြေးကောက်တာတွေ လုပ်နေတာ” ဟု ပြော သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့‌ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု PDF အဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ ရေတံခွန်အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှား သွားလာလေ့ရှိသည်ဟု ဆိုကာ ဝင်းဝနယ်မြေ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏလာရောက် ကင်းပုန်းဝပ်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်ကို ကစယ်ဒို ဖယ်ဒရယ်စစ်ကြောင်း၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့၊ ဝါးရိပ်ခွန်အား ပြောက် ကျားတပ်ဖွဲ့များက ပူးပေါင်းစစ်ဆင်ခြင်းဖြစ်ပြီး တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ကာ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အသုံးပြုခဲ့ကြသည်ဟု ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့မှ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ သွားရောက် တိုက်ခိုက်ရခြင်းမှာလည်း ခရီးသည်ယာဉ် ကားသမားများမှ ဆက်ကြေးငွေ ကောက်ခံနေ မှုအပေါ် အသိပေး တိုင်ကြားမှုများကြောင့် ဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို PDF တပ်ဖွဲ့ များက သိမ်ကုန်းရေတံခွန်လမ်းဝတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...